နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၄ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ၎င်းကိုယ်တိုင် စီမံဖန်တီးထားသည့်အတိုင်း သမ္မတရာထူး ရယူလိုက်မှုအပေါ် ၎င်းနှင့် နီးစပ်သည့် အာဏာရှင်နိုင်ငံအချို့ကသာ ထောက်ခံကြပြီး ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (EU)၊ အာဆီယံနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအများစုက အသိအမှတ် ပြုခြင်းမရှိကြောင်း သိရသည်။

စစ်ကော်မရှင်၏ အတုအယောင် လွှတ်တော်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယမန်နေ့ ဧပြီ ၃ ရက်က သမ္မတအဖြစ် ရွေးချယ်ခဲ့သည်။ ထို့သို့ သမ္မတဖြစ်လာခြင်းအပေါ် စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးကူညီနေသည့် တရုတ်၊ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့ကမူ ဂုဏ်ယူကြောင်း ထောက်ခံပြောဆိုလာကြသည်။

တရုတ်သမ္မတက စစ်ခေါင်းဆောင် “သမ္မတ” ဖြစ်လာမှုအပေါ် နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုကို နက် ရှိုင်းစေရန်နှင့် “နှစ်နိုင်ငံ အနာဂတ်ကံကြမ္မာ အတူတကွ ဖော်ဆောင်သည့် လူ့အဖွဲ့အစည်း” တည်ဆောက် ရေး ပူးပေါင်းသွားရန် အသင့်ရှိကြောင်း ဆိုသည်။

အလားတူ ရုရှားနှင့် ဘယ်လာရုစ်သမ္မတတို့ကလည်း အာရှ-ပစိဖိတ်ဒေသ တည်ငြိမ်ရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်၊ ချုပ်ဆိုထားသည့် စာချုပ်များကို အကောင်အထည်ဖော်ရန် ပြောကြားထားသည်။

ထိုကဲ့သို့ ဖြစ်လာစေရန် လက်တွေ့တွင်လည်း အိမ်နီးချင်း တရုတ်နိုင်ငံသည် စစ်ရေး၊ နိုင်ငံရေး၊ ငွေကြေးနှင့် နည်းပညာအကူအညီများ အဓိကပံ့ပိုးပေးနေပြီး ရုရှားနှင့် ဘယ်လာရုစ်တို့ကလည်း စစ်ကော်မရှင်လိုအပ်သည့် တိုက်လေယာဉ်နှင့် စစ်လက်နက်ပစ္စည်းများကို ရောင်းချကာ စစ်အုပ်စု တရားဝင်မှုရရှိစေရန် ပုံဖော်ပေးလျက်ရှိသည်။

သို့သော်လည်း ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံနှင့် အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံများကမူ အာဏာသိမ်းပြီးနောက် စစ်ရာဇဝတ်မှုများ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် လူမျိုးတုန်း သတ်ဖြတ်မှုများကို နေ့စဉ်ကျူးလွန်နေသည့် စစ်ခေါင်းဆောင်၏ သမ္မတရာထူးကို အသိအမှတ် ပြုကြောင်း ထုတ်ပြန်ထားခြင်း မရှိပေ။

တစ်ဖက်တွင်လည်း စစ်ခေါင်းဆောင် သမ္မတဖြစ်လာချိန်၌ ၎င်းတို့ကျူးလွန်ခဲ့သည့် ရိုဟင်ဂျာလူမျိုး တုန်းသတ်ဖြတ်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံတွင် ထပ်မံတရားစွဲဆိုရန် လူမျိုးတုန်း သတ်ဖြတ်မှုမှ လွတ်မြောက်လာသူများ၊ အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်းနှင့် အကြီးဆုံး မူဆလင် ပရဟိတအဖွဲ့တို့က ပြင်ဆင်လျက်ရှိသည်။

ထို့အပြင် ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့ကလည်း စစ်ခေါင်းဆောင်နှင့် မိသားစုဝင်များ၊ ပတ်သက်ဆက်နွှယ်သူများကို အရေးယူပိတ်ဆို့မှုများ ဆက်တိုက်ပြုလုပ်ထားသည်။ ၎င်းတို့ကို အာဂျင်တီးနား၊ ဂျာမနီ၊ အရှေ့တီမော၊ ဖိလစ်ပိုင်နှင့် တူရကီနိုင်ငံများတွင်လည်း တရားစွဲဆိုထားမှုများ ရှိနေသည်။

လက်ရှိတွင် ကုလသမဂ္ဂ၌ စစ်ကောါမရှင်အား ကိုယ်စားပြုခွင့် မပေးထားသလို အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက်ကို လိုက်နာခြင်းမရှိသဖြင့် စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်း အဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားဆဲ ဖြစ်သည်။ ထို့အတူ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC) တွင်လည်း တရားရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-MOI