သန်လျင်ရေတပ်က စစ်သားတွေကို ၉ လောင်းပြိုင် ပစ်သတ်ခဲ့သူတွေဟာ PDF သင်တန်းဆင်းပြီးမှ စစ်ကောင်စီတပ်ထဲဝင်လာသူတွေလို့ တပ်အသိုင်းအဝိုင်းမှာ သတင်း ထွက်ပေါ်နေ
ဟိန်းစံ/ဧရာ၀တီတိုင်းမ်
(သန်လျင်)၊ စက်တင်ဘာလ ၁၁ ရက်
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က ရေတပ်မှာတာဝန်ထမ်း ဆောင်နေတဲ့ စစ်ကောင်စီတပ်သား ၂ ဦးဟာ ၎င်းတို့တပ်က တပ်ဖွဲ့ဝင် ၇ ဦးနဲ့ အရပ်သား ၂ ဦးတို့ကို ဩဂုတ်လ ၃၁ ရက်နေ့ ည ၁၀ နာရီခန့်က သေနတ်နဲ့ပစ်သတ်ပြီး ထွက် ပြေးသွားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရည်ရွယ်ချက်ရှိရှိ အစုလိုက် အပြုံလိုက် ပစ်သတ်ခဲ့တဲ့ အဆိုပါ စစ်ကောင်စီတပ်သား ၂ ဦးဟာ ကရင်ပြည်နယ်က တောတွင်းမှာ PDF သင်တန်းဆင်းပြီးမှ တပ်ထဲဝင်လာသူတွေဖြစ်တယ်လို့ သန်လျင်ရေတပ်အသိုင်းအဝိုင်းမှာ သတင်းတွေထွက်ပေါ်နေပါတယ်။
၉ လောင်းပြိုင် ပစ်ခတ်မှုနောက်ပိုင်း အဆိုပါစစ်သား ၂ ဦးရဲ့နောက်ကြောင်းကို စစ်တပ်က ပြန်လည်စုံစမ်းရာမှာ ရရှိတဲ့ အချက်အလက်တွေအရ PDF သင်တန်းဆင်းတွေဖြစ်နိုင်တယ်လို့ သန်လျင်ရေတပ်က အကြီးတန်းစစ်ဘက်အရာရှိတွေက သုံးသပ်နေကြကြောင်း သန်လျင်ရေတပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
“အဲ့ဒီညက ဖြစ်စဉ်ကို စုံခုံဖွဲ့တာရော၊ နောက်သူတို့ရဲ့ ကိုယ်ရေးဖိုင်တွေက နေရပ်လိပ်စာတွေ၊ နောက်ကြောင်းတွေ အကုန်လိုက်တာပေါ့။ အဲ့ဒီ ၂ ယောက်ကလည်း ရဲဘော်အသစ်တွေ။ ဒီအာဏာသိမ်းပြီးမှ သင်တန်းဆင်းလာတာ မကြာသေးဘူး။ အခုသတင်းပြန်ထွက်လာတာက အဲ့ဒီ ၂ ယောက်က ကရင်ပြည်နယ်က PDF သင်တန်း ဆင်းပြီး တပ်ထဲဝင်လာပြီးမှ ရည်ရွယ်ချက်ရှိရှိပစ်သတ်သွားတယ်ဆိုပြီး သူတို့ (တပ်အကြီးအကဲတွေ) သုံးသပ်ကြတယ်”လို့ သန်လျင်ရေတပ် တပ်တွင်းသတင်းရင်းမြစ်တဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
အရာရှိ ၁ ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အခြားအဆင့် ၆ ဦးတို့အပြင် တပ်ကြပ်ကြီးရဲ့ မိန်းမနဲ့သမီးတို့ အပါအဝင် လူ ၉ ဦးကို ပွဲချင်းပြီး ပစ်သတ်ခဲ့သူတွေဟာ PDF သင်တန်းဆင်းတွေလို့ စစ်တပ်ဘက်က သုံးသပ်မှုတွေ ရှိနေပေမယ့် ဧရာ၀တီတိုင်းမ်သတင်းဌာနအနေနဲ့ သီးခြားအတည်မပြုနိုင်ခြင်းမရှိပါဘူး။
သန်လျင်ရေတပ်က ၉ လောင်းပြိုင် ပစ်သတ်ခဲ့သူတွေဟာ PDF တွေလို့ စစ်ကောင်စီဘက်က သုံးသပ်မှုတွေ ရှိလာတဲ့နောက်ပိုင်း တပ်ထဲဝင်သူတွေဟာ PDF တွေ ဟုတ်မဟုတ် ကြပ်မတ်စစ်ဆေးမယ့်လုပ်ငန်းစဥ်တွေ စစ်ကောင်စီတပ်က ချမှတ်ဖို့ ပြင်ဆင်နေကြောင်း တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ အခြေခံတပ်သားသစ်သင်တန်းဟာ ၆ လကြာ တက်ရောက်ရတာဖြစ်ပြီး စစ်အာဏာသိမ်းကာ လ ၂ နှစ်နီးပါးကြာမြင့်ပြီဖြစ်လို့ အခုလိုလုပ်ဆောင်တယ်ဆိုတာ ဖြစ်နိုင်ချေရှိတယ်လို့ CDM တပ်မတော်သား တဦးက သုံးသပ်ပြောဆိုပါတယ်။
“Basic Training (အခြေခံသင်တန်း)က ၆ လတက်ရတာ။ ရဲဘော်သစ်ဆင်းတာ မကြာသေးဘူးဆိုရင်တော့ ဖြစ်နိုင်တယ်။ နော်၊ အခုက အာဏာသိမ်းတာက ၂ နှစ်နီးပါးကြာနေပြီဆိုတော့ ၆ လ လောက် အပင်ပန်းခံပြီး အထဲရောက်ကာမှ အေးဆေးပစ်သတ်သွားတာမျိုးလည်း ဖြစ်နိုင်တယ်။ အဓိကက ပစ်ပြီးရင် လွတ်မြောက်မယ့် Plan တခုကို ကောင်းကောင်းဆွဲနိုင်ဖို့ဘဲ။ အာဏာသိမ်းပြီးတော့ ရဲဘော်သစ်က တအားလိုနေတာနဲ့ တွေ့တဲ့လူ စွတ်သွင်း၊ သိပ်မစိစစ်တော့ဘူး ။ အဲ့ဒီလိုတကယ်ဟုတ်ခဲ့တယ်ဆိုရင် အလားတူဖြစ်စဉ်မျိုးတွေထပ် ကြားလာရဦးမယ်”လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
စစ်ကောင်စီတပ်က စစ်သား ၇ ဦးအပါအဝင် ၉ လောင်းပြိုင် ပစ်ခတ်သွားတဲ့သူစစ်သား ၂ ဦးကို ရန်ကုန်မြို့မှာ ၂ ရက်ကြာ ပိတ်ဆို့ရှာဖွေခဲ့ပြီး ၁ ဦး ပြန်လည်ဖမ်းဆီးရမိတယ်လို့ စစ်တပ်ကောင်းကြောင်း ဝါဒဖြန့်နေတဲ့ စစ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာ ရေးသားတာ တွေ့ရပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဓာတ်ပုံ – စစ်ကောင်စီသန်လျင်ရေတပ်သားတချို့(ပုံဟောင်း)။
#AyeyarwaddyTimes #သန်လျင် #ရေတပ် #၉လောင်းပြိုင်