
ကျိုက်လတ်က လယ်သမားတွေကို စစ်ကောင်စီက ဓာတ် မြေဩဇာ တစ်ရွာတစ်အိတ်နှုန်းထောက်ပံ့လို့ တစ်အိမ် တပြည်သာရ
ညိမ်းသော် / ဧရာဝတီတိုင်းမ်
(ကျိုတ်လတ်) / စက်တင်ဘာ ၁၁ ရက်
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်က လယ် သမားတွေအတွက် စစ်ကောင်စီက ဓာတ်မြေဩဇာထောက်ပံ့တယ်ဆိုပြီး စက်တင်ဘာလ ၉ ရက်နေ့ကစလို့ တစ်ရွာကို တစ်အိတ်နှုန်းနဲ့ ပေးပို့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စစ်ကောင်စီက တရွာတအိတ်နှုန်းနဲ့သာပေးလို့ လယ်စိုက်တဲ့ဒေသခံတောင်သူတွေ မျှပြီးရယူတာ တအိမ်ကိုတပြည်နှုန်းနဲ့သာရတယ်လို့ ကျိုက်လတ်မြို့နယ်၊ဘုံလုံချောင်းဒေသခံရွာသားတဦးက ပြောပါ တယ်။
“အခုဟာက တအိမ်ကိုတအိတ်လည်းမဟုတ်ဘူး၊ တစ်ရွာကိုတစ်အိတ်တဲ့၊ စိုက်တဲ့အိမ်တွေမျှယူရတာ တအိမ်မှတပြည်နှုန်းလောက်ဘဲရတယ်။ ပေးပါလားကွာ တရွာကိုအိတ် ၅၀ လောက်။ အခုဟာက ဟာသလိုဖြစ်နေတယ်။ ထောက်ပံ့ပေးတာတော့ ကျေးဇူးတင်ပါတယ် အခုလို မျိုးတော့မလုပ်သင့်ဘူး လယ်ဧကတွေကအများကြီး ဓာတ်မြေသြဇာ စျေးတွေကလည်း မကျသေးဘူး၊ ချွေတာသုံးနေရတာ ဒီနှစ်တော့စပါးအထွက်မတိုးနိုင်တော့ဘူး” လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံက ဧရာ၀တီတိုင်းမ်ကိုပြောပါတယ်။
ဧရာ၀တီတိုင်းစစ်ကောင်စီကတော့ ၎င်းတို့ရဲ့လူမှုကွန်ယက်တွေမှာ စပါးစိုက်တောင်သူတွေကို ဓာတ်မြေ ဩဇာတွေထောက်ပံ့ပေးခဲ့တယ်ဆိုပြီး ဓာတ်ပုံတွေနဲဝါဒဖြန့်ဖော်ပြနေတာတွေကိုလည်း တွေ့ရပါတယ်။
လက်ရှိစစ်ကောင်စီလက်ထက်မှာ အခြေခံကုန်ဈေးနှုန်းတွေနဲ့ စက်သုံးဆီဈေးနှုန်းတွေကြီးမြင့်နေတဲ့ အပြင် စိုက်ပျိုးရေးအတွက် သွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေဩဇာဈေးနှုန်းတွေလည်း ယခင်ထက် ၃ ဆ ခန့်ဈေးတက်နေပြီး ဓာတ်မြေသြဇာ တစ်အိတ်ကို ကျပ် ၁၃၀၀၀၀ ဝန်းကျင်အထိဖြစ်နေလို့ စပါး စိုက်တောင်သူတွေ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံလယ်သမားတွေဆီကသိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်(လေးမျက်နှာမြို့က လယ်သမားများထံ စစ်ကောင်စီက ဓာတ်မြေသြဇာများ ထောက်ပံ့နေစဥ်)
#ကျိုက်လတ် #လယ်သမား #စစ်ကောင်စီ #ဓာတ်မြေသြဇာ
#Ayeyarwaddy_Times