မိုးဗြဲမြို့မှာ လေးရက်ဆက်တိုက် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ၊ PDF များ ဆက်လက်ခုခံနိုင်ရန် အကူအညီများလိုအပ်နေ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၁ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် စက်တာဘာလ (၈)ရက်နေ့က စတင်ကာ ယနေ့အချိန်အထိ စစ်ကောင်စီတပ်နှင့် မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KNDF၊ KA၊ URF၊ နေပြည်တော် PDF၊ KGZ ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီဘက်မှ တပ်သားအင်းအား ဆက်လက်တိုးချဲ့နေပြီး မိုးဗြဲမြို့ပေါ်သို့ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်မှုများအပြင် လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။
“ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက စစ်‌ကောင်စီတပ်ကိုရေကုန်ရေခမ်း ကြိုးစားခုခံလျက်ရှိပါတယ်။ တပ်ပွဲရက်ရှည် ကြာလာတာနှင့်အမျှ စစ်ရေးအားသာချက်များ ဆက်လျက်ပိုင်ဆိုင်ထားရှိဖို့ ကာကွယ်ရေးတပ်ဖွဲ့များမှ ကြိုးစားနေပြီးအကူအညီများစွာလည်း လိုအပ်နေပါတယ်။ မနေ့ကဆိုရင် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မှ ပြည်သူလူထု၏ အကူအညီ
လိုအပ်နေတယ်လို့ အကူညီတောင်းခံထားပါတယ်။ ပြည်တွင်းပြည်ပမှ ထောက်ပို့အင်အားစုများခင်ဗျာ။ မိုးဗြဲကို အာရုံစိုက် ကူညီပေးဖို့ အထူးတောင်းဆိုအပ်ပါတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲများကြောင်း ဖယ်ခုံမြို့တွင် ကားများပိတ်မိလျှက်ရှိကြောင်း မိုးဗြဲမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေမှုများကြောင့် မြို့အတွင်း ထိခိုက်ပျက်ဆီးမှုများဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။
စက်တင်ဘာလ ၈ ရက် မနက်ပိုင်းတွင် ဝှါရီဆူးပလိုင်ရွာမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၊ မိုးဗြဲသို့ အင်အား (၁၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်သားများ ကြားဖြတ်တိုက်ခိုက်ခံရကာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း မိုးဗြဲ PDF
၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – ပေးပို့
#မိုးဗြဲ #လေးရက်ဆက်တိုက် #တိုက်ပွဲ #ပြင်းထန်
#Ayeyarwaddy_Times