ဧရာဝတီတိုင်းမ်
ဧပြီ ၄ ရက်
မြန်မာနိုင်ငံမှာ မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်လိုက်ပေမဲ့ ဖိလစ်ပိုင်နိုင်ငံက မြန်မာ နိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ရှေ့ဆက်လုပ်ဆောင်သွားမယ်လို့ ဖိလစ်ပိုင်သမ္မတရုံးက ပြောကြားလိုက် ပါတယ်။
ဖိလစ်ပိုင်အစိုးရဟာ ဒေသတွင်း တည်ငြိမ်ရေးနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို အခြေ ခံပြီး မြန်မာနိုင်ငံနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။
အစိုးရအပြောင်းအလဲ ရှိနေပေမဲ့လည်း နှစ်နိုင်ငံကြားမှာ ရှိနေတဲ့ လုပ်ငန်းစဉ်တွေနဲ့ ဆက်ဆံရေး တွေကို ရပ်တန့်သွားမှာ မဟုတ်ဘဲ ပုံမှန်အတိုင်း ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ဖိလစ်ပိုင်သမ္မတရုံးက ပြောပါတယ်။
ဖိလစ်ပိုင်သမ္မတရုံး ပြန်ကြားရေးအရာရှိ ကလဲကာစထရိုက ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီ ယာသီရီဆာလာဇာရိုဟာ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် မြန်မာနိုင်ငံနဲ့ ဆက် လက်ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံက အာဆီယံရဲ့ စုပေါင်းကြိုးပမ်းမှုတွေကို ဆက်လက်ထောက်ခံသွားမှာဖြစ်သလို အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကိုလည်း ထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်ဖို့ တိုက်တွန်းနေပါတယ်။
အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ မြန်မာပြည်သူတွေဆီကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရောက်ရှိနိုင်ဖို့အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
သောကြာနေ့က ကျင်းပခဲ့တဲ့ လွှတ်တော်မဲပေးပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာ နိုင်ငံရဲ့ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပြီးနောက် ဖိလစ်ပိုင်က အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
ကိုးကား – GMA News
Ref: PH to continue engagements with Myanmar amid election of new president