ဧရာဝတီတိုင်းမ်
ဧပြီ ၄ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ စစ်ကော်မရှင်၏ ဖားကန့်ဗျူဟာကုန်းကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် KPDF ပူးပေါင်းအဖွဲ့က ဒရုန်းများအသုံးပြု၍ ယမန်နေ့ ဧပြီ ၄ ရက် ညနေပိုင်းမှစတင်ကာ ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။
ဖားကန့်ဗျူဟာကုန်းအတွင်းသို့ KIA က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြင်းထန်သည့် ပေါက်ကွဲသံများ ထွက်ပေါ်နေပြီး စစ်ကော်မရှင်ဘက်ကလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပြန်လည်ပစ်ခတ် နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
“ဗျူဟာကုန်းထဲမှာ ပေါက်ကွဲပြီး မီးခိုးတွေ တက်နေတာ မြင်ရတယ်။ အထဲက ပြန်ပစ်တဲ့ လက်နက်ကြီးကျည်တွေက ဆိုင်းတောင် ရပ်ကွက် (၃) ဘက်ကို ကျတယ်လို့ ကြားတယ်။ တိုက်ပွဲဖြစ်တာ နာရီနဲ့ချီကြာနေပြီ၊ အပြန်အလှန် အဆက်မပြတ် ပစ်နေကြတာ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

ယမန်နေ့ည ၈ နာရီကျော်အထိ ဗျူဟာကုန်းအတွင်းမှ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ် နေဆဲဖြစ်ပြီး မှော်ဝမ်းကြီး ဆုတောင်းကုန်းဘက်တွင်လည်း တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
စစ်ကော်မရှင် တပ်စွဲထားသည့် ဆွတ်ဘွမ်၊ အင်မားယန်နှင့် သင်္ချိုင်းကုန်းရှိ နေရာ သုံး ခုကို ပြီးခဲ့သည့် ဧပြီ ၂ ရက်တွင် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။ ထိုသို့ စခန်းများ သိမ်းပိုက်ခံရပြီးနောက် စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သဖြင့် ယခုအခါ ဗျူဟာကုန်းကို KIA က ပြန်လည်တိုက်ခိုက်နေခြင်း ဖြစ်သည်။
လက်ရှိတွင် လုံးခင်း ယမ်းချက်ဘက်၌ပါ စစ်ရေးလှုပ်ရှားမှုများ ရှိနေသဖြင့် ဒေသခံပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစေရန် အထူးသတိပြု နေထိုင်ကြရန် နှိုးဆော်မှုများ ရှိနေကြောင်း သိရသည်။
ပုံစာ-ဖားကန့်ဗျူဟာကုန်းမီးလောင်နေမှုမြင်ကွင်း