ဧရာဝတီတိုင်းမ်
ဧပြီ ၃ ရက်
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်တွင် ဒီဇယ်ဆီများ သယ်ဆောင်လာသည့် အမျိုးသား သုံး ဦးကို ကားတစ်စီး၊ ပရီမီယံဒီဇယ်ဆီ ၅၂ ဂါလံခန့်နှင့်အတူ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကျုံပျော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် မတ်လ ၃၀ ရက် ညသန်းခေါင်ခန့်က အောင်ဆန်းရပ်ကွက်ရှိ အင်းရဲလမ်းဆုံ၌ စစ်ဆေးမှုများပြုလုပ်နေစဉ် အမျိုးသား သုံး ဦးနှင့်အတူ ဒီဇယ်ဆီ ရှစ် ပုံး တင်ဆောင်လာသည့် ကားကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“သပြေကွင်းကျေးရွာဘက်က မောင်းလာတဲ့ Probox ကားတစ်စီးကို တရားမဝင်ဆီတွေ သယ်လာ တယ်ဆိုပြီး ဖမ်းတာပါ။ အခုလိုတွေ လိုက်ဖမ်းနေရင် တောင်သူတွေက ဆီကို ဘယ်ကရမလဲ။ စိုက်ပျိုးရေးလုပ်တဲ့သူတွေအားလုံးတော့ ဒုက္ခလှလှတွေ့ပြီ” ဟု ကျုံပျော်မြို့ရှိ တောင်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
ဖမ်းဆီးခံရသူများမှာ ဓနုဖြူမြို့နယ်၊ ကျုံဘောကုန်းကျေးရွာမှ ဦးပြည့်ဖြိုးအောင်၊ ခနောင်ရိုက်ကျေးရွာမှ ဦးဆန်းမင်းအောင်နှင့် ဦးမြတ်ကိုကိုမင်း တို့ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့ သုံး ဦးကို တရားမဝင် ဒီဇယ်ဆီများ သယ်ဆောင်သည်ဟုဆိုကာ (ပ) နံပါတ် ၁၈/၂၀၂၆၊ ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်၍ ကျုံပျော်မြို့မ ရဲစခန်းတွင် အရေးယူထားကြောင်း သိရသည်။
ဧရာဝတီတိုင်းအတွင်း စက်သုံးဆီရှားပါးမှုနှင့် ဝယ်လိုအားမြင့်တက်နေမှုကြောင့် ဒီဇယ်တစ်ပေပါလျှင် ပြင်ပပေါက်ဈေး ကျပ် ၂၅ သိန်းမှ ၃၀ ကျော်အထိ ဈေးနှုန်းများ အဆမတန် မြင့်တက်နေသဖြင့် ဒေသခံ လယ်သမားများစွာ အခက်အခဲကြုံတွေ့လျက်ရှိသည်။
ပုံစာ-ဖမ်းဆီးခံရသည့် အမျိုးသား ၃ ဦး