ဧရာဝတီတိုင်းမ်
ဧပြီ ၃ ရက်
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းကိုယ်၎င်း သမ္မတအဖြစ် ရာထူးရယူထားချိန်တွင် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံ၌ ထပ်မံတရားစွဲဆိုခြင်း ခံနေရကြောင်း သိရသည်။
အဆိုပါအမှုကို လူမျိုးတုန်းသတ်ဖြတ်မှုမှ လွတ်မြောက်လာသူ Yasmin Ullah၊ အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်းနှင့် အင်ဒိုနီးရှား၏ အကြီးဆုံး မူဆလင်ပရဟိတအဖွဲ့ဖြစ်သော Muhammadiyah ဥက္ကဋ္ဌတို့က ဦးဆောင်၍ အင်ဒိုနီးရှားနိုင်ငံတွင် တရားစွဲဆိုသွားရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
တရားစွဲဆိုမှုတွင် ရိုဟင်ဂျာများအပေါ် စစ်တပ်က ကျူးလွန်ခဲ့သည့် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေခြင်း၊ အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ခြင်း၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းစသည့် လူမျိုးတုန်းသတ်ဖြတ်မှု သက်သေများကို တင်ပြသွားမည်ဖြစ်သည်။

“လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်နေတာ ဒီနေ့အထိပါပဲ။ အင်ဒိုနီးရှား အာဏာပိုင်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ပြီး မြန်မာစစ်အာဏာရှင်တွေကို တာဝန်ခံခိုင်းဖို့ ကျွန်မရဲ့ မောင်နှမတွေကိုယ်စား တိုက် တွန်းပါတယ်” ဟု Yasmin Ullah က ပြောကြားသည်။
ယခုအမှုကို ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံမူအရ တိုင်ကြားထားခြင်းဖြစ်ပြီး အဆိုပါ အခြေခံမူအရ ပြင်းထန်သည့် ရာဇဝတ်မှုကျူးလွန်သူများသည် မည်သည့်နိုင်ငံသားဖြစ်စေ၊ မည်သည့် နေရာတွင် ကျူးလွန်စေကာမူ တရားမျှတမှုဖော်ဆောင်ရန် နိုင်ငံတိုင်းတွင် တာဝန်ရှိသည်ဟု သတ်မှတ်ထားသည်။
တိုင်ကြားစာတွင် လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည့် ခြေလျင်တပ်မဌာနချုပ် အမည်များနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိန့်ပေးစေခိုင်းမှု၊ ကွပ်ကဲမှုတို့ကိုပါ အထောက်အထားနှင့်တကွ တင်ပြထားကြောင်း သိရသည်။
“အတုအယောင် ရွေးကောက်ပွဲတွေအပြီး မင်းအောင်လှိုင်က သူ့ကိုယ်သူ သမ္မတအဖြစ် ကြေညာ နေချိန်မှာ အခုလို စွပ်စွဲချက်အသစ်တွေ ထွက်ပေါ်လာတာဟာ ထူးခြားတဲ့ တိုက်ဆိုင်မှုတစ်ခုပါပဲ” ဟု အာဆီယံဒေသတွင်း အကြမ်းဖက်အာဏာသိမ်းစစ်တပ်အပေါ် တရားစွဲဆိုမှုများကို ဖော်ထုတ်ပြုစု ပေးနေသည့် မြန်မာနိုင်ငံတာဝန်ခံမှုစီမံချက်(MAP) အဖွဲ့၏ ဒါရိုက်တာ Chris Gunness ကမှတ်ချက်ပြုသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများ၌ ရိုဟင်ဂျာ ၁.၂ သန်းခန့် ခိုလှုံနေရပြီး ၎င်းတို့သည် အလုပ်လုပ်ကိုင်ခွင့်နှင့် ပညာသင်ကြားခွင့်များ ဆုံးရှုံးနေသည့်အပြင် ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်နှင့်ပါ ရင်ဆိုင်နေရသည်။
စစ်တပ်၏ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကြောင့် အာဆီယံနိုင်ငံများရှိ အရပ်ဘက်အဖွဲ့အစည်းများ အနေဖြင့် “ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အစီအစဉ်” ကို အကောင်အထည်ဖော်ရန် ပြင်ဆင် လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်