‎ဧရာဝတီတိုင်းမ်
‎ဧပြီ ၃ ရက်


စက်သုံးဆီ မှောင်ခိုးဈေးကွက်ကို ထိန်းချုပ်ရန်အတွက်ဟုဆိုကာ တက္ကစီ (Taxi)၊ သုံးဘီးနှင့် ကုန်တင်ယာဉ်များကို ၎င်းတို့ မောင်းနှင်ခဲ့သည့် ခရီးအကွာအဝေးအပေါ် မူတည်၍ စက်သုံးဆီ ရောင်းချပေးမည့် စနစ်သစ်ကို ယနေ့ ဧပြီ ၃ ရက်မှ စတင်၍ စစ်ကော်မရှင်က ကျင့်သုံးလိုက်ကြောင်း သိရသည်။

 

စစ်ကော်မရှင် လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယာဉ်မောင်းများသည် မိမိတို့ အမှန်တကယ် မောင်းနှင်ခဲ့သည့် ကီလိုမီတာ အကွာအဝေးအပေါ် အခြေခံ၍ လိုအပ်သည့် ဆီပမာဏကို ဝယ်ယူခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

‎”ဒီစနစ်က တက္ကစီတွေ ကားမဆွဲဘဲ ဆီထုတ်ရောင်းနေတာကို ပိတ်ချင်တာပါ။ အရင်က ဆီတစ်ခါထုတ်ရင် ၅ သောင်းဖိုးလောက် ရတော့ ကားမောင်းရတာထက် ဆီပြန်ရောင်းတာက ပိုအဆင်ပြေနေတာကိုး။ အခုစနစ်ကတော့ ခရီးဝေးဆွဲတဲ့သူက ဆီများများရမယ်၊ အနီးပဲဆွဲတဲ့သူကတော့ နည်းနည်းပဲ ရတော့မယ့်သဘောပဲ” ဟု ရန်ကုန်မြို့ခံ တက္ကစီယာဉ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

ရန်ကုန်မြို့အတွင်း ခရီးစဉ် အနီးအဝေးအလိုက် မောင်းနှင်ရာတွင် ပုံမှန်အားဖြင့် ဆီ ၈ လီတာခန့် ကုန်ကျလေ့ရှိသော်လည်း တစ်ရက်နှင့်တစ်ရက် မောင်းနှင်ရသည့် ကီလိုမီတာ ကွာခြားချက်များရှိနေ၍ အမှန်တကယ် ဆီလိုအပ်ချိန်တွင် ဝယ်ယူ၍မရမည်ကို စိုးရိမ်နေကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယခုအပတ်အတွင်း QR Code စနစ်ကို အသုံးပြု၍ ပုသိမ်မြို့နှင့် ရန်ကုန်-ပြည်-မကွေး လမ်းမကြီးတစ်လျှောက်ရှိ မြို့နယ်များတွင် အဆိုပါစနစ်ကို စတင်အသုံးပြုသွားမည်ဖြစ်သည်။ လက်ရှိတွင် တစ်နိုင်ငံလုံးရှိ စက်သုံးဆီဆိုင်ပေါင်း ၂,၉၄၃ ဆိုင်အနက် ၈၇၉ ဆိုင်တွင် Bar Code သို့မဟုတ် QR Code များကို Scan ဖတ်၍ ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

 

စစ်ကော်မရှင်အနေဖြင့် စက်သုံးဆီ ချွေတာရေးအတွက် မော်တော်ယာဉ်များကို စုံ/မ ခွဲခြားမောင်းနှင်ရမည့်စနစ်ကိုမူ လက်ရှိအချိန်အထိ ဆက်လက်ကျင့်သုံးနေဆဲ ဖြစ်သည်။

‎‎‌ဓာတ်ပုံ – ဧရာဝတီတိုင်းမ်