ဧရာ၀တီတိုင်းမ်
ဧပြီ ၃ ရက်

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မုံးစီးဒေသရှိ ကျေးရွာများအတွင်းသို့ ကိုးကန့်တပ်မတော် (MNDAA) က ဝင်ရောက်မွှေနှောက်ကာ ဒေသခံများ၏ အိုးခွက်ပန်းကန်နှင့် အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

 

MNDAA တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် မတ် ၁၄ ရက်နေ့က မုံးစီးဒေသ၊ ပန်ချမ်ကျေးရွာအတွင်းသို့ ဝင်ရောက် လာပြီး နေအိမ် ၃ အိမ်ရှိ ပစ္စည်းများကို ယူဆောင်သွားသည့်အပြင် ယူဆောင်၍မရသည့် ပစ္စည်းများကိုပါ ရိုက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

“တအာင်းတပ်နဲ့ ကိုးကန့်တပ် တိုက်ပွဲဖြစ်တဲ့အချိန်မှာ ကိုးကန့်တပ်က ရွာထဲကိုလာပြီး လမ်းတွေ အကုန်ပိတ်ပစ်တယ်။ ပြီးတော့ အိမ်သုံးအိမ်ကိုဝင်ပြီး အိုးခွက်ပန်းကန်၊ ဆိုလာပြား၊ ဆိုင်ကယ်၊ ဘက်ထရီ၊ ဖုန်းနဲ့ အိပ်ရာခင်းတွေပါ ယူသွားတယ်။ ယူလို့မရတဲ့ သေတ္တာတွေကိုတော့ ရိုက်ခွဲပစ်ခဲ့တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

ထို့အပြင် တန်ဖိုးရှိ ရှေးဟောင်းဓားတစ်လက်၊ ကချင်ရိုးရာဝတ်စုံနှင့် အိမ်မွေးကြက်များကိုပါ ပစ်သတ် ယူဆောင်သွားခဲ့ကြောင်း သိရသည်။ အဆိုပါနေ့တွင်ပင် MNDAA ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် မှုကြောင့် ကျေးရွာအတွင်းရှိ ကလေးငယ်တစ်ဦးနှင့် သက်ကြီးရွယ်အိုတစ်ဦး ဒရုန်းဗုံးစထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်။

 

အလားတူ မတ်လ ၁၇ ရက်ကလည်း မုံးစီးဒေသ၊ တက္ကနိုင်းကျေးရွာရှိ နေအိမ်များကို MNDAA က ထပ်မံမွှေနှောက်ခဲ့ပြီး အိမ်ရှင်များ စုဆောင်းထားသည့် ရွှေဆွဲကြိုး နှစ် ကုံး၊ တရုတ်ငွေ ယွမ် ၄,၇၀၀ နှင့် မြန်မာငွေ လေးသိန်းကျော်ကို ယူဆောင်သွားသည့်အပြင် ဒေသခံများ၏ အသက်အန္တရာယ်ပါ ခြိမ်းခြောက်သွားခဲ့ကြောင်း သိရသည်။

 

ကိုးကန့်တပ် (MNDAA) သည် ပြီးခဲ့သည့် မတ်လ ၁၄ ရက်တွင် တအာင်းတပ် (TNLA) ထိန်းချုပ် ထားသည့် ကွတ်ခိုင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မူဆယ် ၁၀၅ မိုင်၊ တာမိုးညဲ၊ မုံးစီးနှင့် နမ့်ဖတ်ကာဒေသများရှိ တအာင်းတပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးသတ်ဖြတ်မှုများ ရှိခဲ့သည်။

 

ထိုသို့ သိမ်းပိုက်ပြီးနောက် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တအာင်းကျေးရွာများ၏ ဆိုင်းဘုတ်များကို ဖျက်ဆီးခြင်း၊ နေအိမ်များကို ချိတ်ပိတ်ခြင်းနှင့် TNLA တပ်သားများကို လက်နက်ချရန် ဖိအားပေးခြင်းများပါ လုပ်ဆောင်ခဲ့သည်။

 

ဓာတ်ပုံ-CJ