ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ဧပြီ ၃ ရက်

 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ကြောင်ချောင်းကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုပေါ် ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း(GKO) ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

 

အဆိုပါ တိုက်ခိုက်မှုသည် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့၊ ညနေ ၄ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကလေးငယ်များ အပါအဝင် အပြစ်မဲ့ ဒေသခံ ခုနစ် ဦး အသက်ဆုံးရှုံးခဲ့ရပြီး ကလေးငယ်များ အပါအဝင် လေး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

“ကြောင်ချောင်းရွာက ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမှ စခန်းချတာ၊ စစ်ရေးလှုပ်ရှားတာ၊ အဝင်အထွက် လုပ်တာ မရှိဘူး။ ဒါဟာ စစ်ရေးပစ်မှတ် လုံးဝ မဟုတ်ဘူး။ အခုလို စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာကို ဗုံးကြဲတိုက်ခိုက်မယ်ဆိုရင် အရပ်သားတွေဟာ နေစရာမရှိတော့ဘူး”ဟု GKO မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် လေကြောင်း တိုက်ခိုက်မှုကြောင့် လူနေအိမ် ခုနစ် လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ဒေသခံများမှာ နေထိုင်ရေး အခက်အခဲနှင့် နေအိမ်များ အသစ်ပြန်လည်ဆောက်ရန် အခက်အခဲများကို ရင်ဆိုင်နေရကြောင်း သိရသည်။

 

“နေအိမ် ခုနစ် လုံးလောက်က ပျက်စီးသွားပြီး သုံး အိမ်လောက်က ပြာကျသွားတယ်။ တခြားနေရာ ပြောင်းရွှေ့ဖို့ကလည်း လမ်းပန်ဆက်သွယ်ရေး အခက်ခဲတွေ၊ စားဝတ်နေရေး အကျပ်အတည်းတွေကြောင့် ဘယ်မှမပြောင်းရွှေ့ဘဲ ရွာမှာဘဲ အိမ်ပြန်ဆောက်ပြီး နေမယ်။ အိမ်ပြန်ဆောက်ဖို့က အခက်အခဲတွေက ရှိတာပေါ့”ဟု ကြောင်ချောင်းကျေးရွာတစ်ဦးက ဧရာ ဝတီတိုင်းမ်ကို ပြောသည်။

 

GKO အနေဖြင့် ယခုလုပ်ရပ်သည် နိုင်ငံတကာစစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့် ဂျီနီဗာကွန်ဗင်းရှင်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ထောက်ပြထားပြီး နိုင်ငံတကာ မိသားစုနှင့် လူ့အခွင့်ရေးအဖွဲ့အစည်းများလည်း ၎င်းဖြစ်စဥ်ကို တရားမျှတမှုရရှိအောင် အရေးယူပေးရန် တောင်းဆိုထားသည်။

 

ယခုဖြစ်စဉ်ကို စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအဖြစ် သတ်မှတ်ကာ နောက် ဆက်တွဲ ဆောင်ရွက်ရမည့် ကိစ္စများကို ဆက်လက့ လုပ်ဆောင်နေကြောင်း GKO က ဆိုသည်။

 

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိနေနိုင်သဖြင့် ပလက်ဝမြို့နယ် ဒေသခံများအနေဖြင့် လေကြောင်းရန် အန္တရာယ်ကို အထူးသတိပြုရန်လည်း GKO က ထပ်မံ တိုက်တွန်းထားသည်။