ဧရာဝတီတိုင်းမ်
ဧပြီ ၃ ရက်
ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေတွင် အာရက္ခတပ်တော် (AA) ၏ ဝိုင်းပတ်ပိတ်ဆို့ ထိုးစစ်ဆင်မှု များကြောင့် မြို့နယ်အသီးသီးမှ ဆုတ်ခွာလာရသည့် တပ်ပျက်များကို စုပေါင်း၍ စစ်ကော်မရှင်က အသည်းအသန် ခံစစ်ပြင်ဆင်နေကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ရှုံးနိမ့်လာကြသည့် တပ်ရင်းတပ်ဖွဲ့များကို စစ်တွေမြို့ရှိ ဆက်သွယ်ရေး တပ်ရင်း ဆသရ-၈၁၈ အတွင်း အလုံးအရင်းနှင့် ပြန်လည်စုဖွဲ့ထားပြီး အခိုင်အမာ ခံစစ်ပြင်ဆင်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
အဆိုပါ တပ်ပေါင်းစုတွင် ကျောက်တော်အခြေစိုက် စကခ-၉၊ တောင်ကုတ်အခြေစိုက် စကခ-၅၊ ဘူးသီးတောင်အခြေစိုက် စကခ-၁၅ နှင့် အခြေချစစ်ဗျူဟာ (စဗခ) ဘူးသီးတောင် တပ်များ ပါဝင်ကြောင်း သိရသည်။

“စစ်တွေက သူတို့အတွက် သိက္ခာပိုင်းအရရော၊ နောက်ဆုံးခံစစ်အနေနဲ့ပါ အရေးကြီးနေတော့ အသေခံ ခံစစ်လိုမျိုး ပြင်နေတာပါ။ အရာရှိပိုင်းတွေကတော့ အခြေအနေမဟန်ရင် ပြေးမှာပဲ” ဟု မြေပြင်စစ်ရေး အခြေအနေ သိရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
လက်ရှိတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးကိုယ်တိုင် စစ်တွေရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နှင့် ခလရ-၂၀ အတွင်း အခြေချကာ ခံစစ်ကို တိုက်ရိုက်ကွပ်ကဲနေပြီး AA ၏ လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် ဘန်ကာများပါ အခိုင်အမာ တည်ဆောက် ထားကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
စစ်တွေမြို့ပတ်ပတ်လည်ရှိ ရွှေမင်းဂံ၊ ကျားမသောက်၊ ကံကော်ကျွန်း၊ ဝါဘိုနှင့် ပါဒလိတ်ဘက်များကို AA က အဆက်မပြတ် တိုက်ခိုက်ထားသဖြင့် အဆိုပါဒေသရှိ စစ်ကော်မရှင်၏ ကာကင်းတပ်စခန်း အချို့တွင် အပြောင်းအလဲများ ရှိနေသည်။ ထို့ပြင် ကျောက်ဖြူစစ်မျက်နှာတွင်လည်း တောင်ကုတ် စကခ (၅) မှ တပ်အင်အားအချို့ကို စစ်ကူပို့ထားရသော်လည်း အရှုံးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။