ဧရာဝတီတိုင်းမ်
ဧပြီ ၃ ရက်
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းကိုယ်တိုင်စိတ်ကြိုက် ခင်းကျင်း ထားသည့် ရွေးတုလွှတ်တော် (ပြည်ထောင်စုလွှတ်တော်) မှတစ်ဆင့် ယနေ့ ဧပြီ ၃ ရက်တွင် “နိုင်ငံတော်သမ္မတ” အဖြစ် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရွေးချယ် တင်မြှောက်လိုက်ပြီဖြစ်သည်။
မကြာမီ ဖွဲ့စည်းတော့မည့် အမည်ခံစစ်အစိုးရအဖွဲ့၏ ဒုသမ္မတလောင်း သုံး ဦးအဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ၎င်း၏လူယုံတော် ဗိုလ်ချုပ်ကြီးဟောင်း ညိုစောနှင့် လက်ဝေခံ ကြံ့ခိုင်ရေးပါတီမှ ဒေါ်နန်းနီနီအေးတို့ကို ရွေးချယ်ခဲ့ကြသည်။

အမည်ခံ သမ္မတအဖြစ် ရွေးတုလွှတ်တော်၌ မဲပေးရွေးချယ်ရာတွင် စစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၄၂၉ မဲရရှိကာ မဲအပြတ်အသတ်ဖြင့် သမ္မတ၊ ဦးညိုစောက ၁၂၆ မဲဖြင့် ဒုသမ္မတ (၁) နှင့် ဒေါ်နန်းနီနီအေးက ၂၉ မဲဖြင့် ဒုသမ္မတ (၂) အဖြစ် အသီးသီး နေရာယူခဲ့ကြောင်း စစ်အုပ်စု၏ လက်ဝေခံ မီဒီယာများတွင် ဖော်ပြထားသည်။
စစ်ခေါင်းဆောင်သည် ၎င်း၏မူလအစုအဖွဲ့ဖြစ်သော တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ မှတစ်ဆင့် ဒုသမ္မတလောင်း အမည်စာရင်းတင်သွင်းခြင်းမပြုဘဲ ပြည်သူ့လွှတ်တော်အစုအဖွဲ့ မှတစ်ဆင့် ဒုသမ္မတလောင်းအဖြစ် တက်လာခြင်းဖြစ်သည်။
ထိုသို့လုပ်ဆောင်ခြင်းမှာ ၎င်းကိုပြည်သူက ရွေးချယ်တင်မြှောက်သည့် သမ္မတအဖြစ် ကမ္ဘာ့မျက်နှာစာတွင် လှည့်စားပုံဖော်ရန် ကြိုးပမ်းခြင်းပင်ဖြစ်ကြောင်း နိုင်ငံရေးအကဲခပ်များက ဆိုသည်။