ဧရာဝတီတိုင်းမ်
ဧပြီ ၃ ရက်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နေအိမ်တွင် (၇) နှစ်အရွယ် သမီးဖြစ်သူကို လည်ပင်းညှစ်သတ်ကာ ထွက်ပြေးတိမ်းရှောင်နေသည့် မြန်မာအမျိုးသမီးတစ်ဦးကို ယမန်နေ့ ဧပြီ ၂ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ခိုလန်းကျွန်း (Koh Larn) ရှိ ဟိုတယ်တစ်ခု၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အသက် ၃၄ နှစ်အရွယ်ရှိ တရားခံ မမျိုးပပထွန်းသည် ဧပြီ ၁ ရက်က ဘန်ကောက်ရှိ နေအိမ်တွင် သမီးဖြစ်သူကို သတ်ဖြတ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်သည်။ မမျိုးပပထွန်းကို လူသတ်မှုဝရမ်းဖြင့် ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေခဲ့ရာ ခိုလန်းကျွန်းရှိ ဟိုတယ်ခန်းတစ်ခုအတွင်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

တရားခံဖြစ်သူ၏ ဝန်ခံချက်အရ ၎င်းသည် ကိုယ်ရေးကိုယ်တာ ပြဿနာများကြောင့် စိတ်ဖိစီးမှု အပြင်းအထန် ခံစားနေရပြီး သမီးဖြစ်သူနှင့်အတူ မိမိကိုယ်ကိုယ်ပါ အဆုံးစီရင်ရန် ကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သမီးဖြစ်သူကို သတ်ဖြတ်ပြီးနောက် မိမိကိုယ်မိမိ သတ်သေရန် သတ္တိ မရှိတော့သဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မမျိုးပပထွန်းသည် ဘရူနိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး မကြာသေးမီကမှ ပြန်လည်ရောက်ရှိလာသူ ဖြစ်ကာ သမီးဖြစ်သူနှင့် ပြန်လည်ဆုံတွေ့ပြီး ရက်ပိုင်းအတွင်းမှာပင် စိတ်ကျရောဂါကြောင့် ယခုကဲ့သို့ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုသည်။

လက်ရှိတွင် တရားခံ မမျိုးပပထွန်းကို မင်းဘူရီရဲစခန်းသို့ လွှဲပြောင်းထားရှိပြီး ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန်အတွက် ဆက်လက်စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

ကိုးကား – Khaosod English
Ref; Myanmar women arrested after murder of young daughter