ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်
တောင်သူလယ်သမားများ၏ သွင်းအားစုစရိတ် လျှော့ချနိုင်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်စေရေး အတွက်ဟုဆိုကာ ဓာတ်မြေဩဇာနှင့် ဒီဇယ်ဆီ တင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ဧပြီလတစ်လအတွင်း ကင်းလွတ်ခွင့်ပြုကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။
အဆိုပါ ကင်းလွတ်ခွင့်သည် ဧပြီ ၁ ရက်မှ ၃၀ ရက်အတွင်း စစ်ကော်မရှင်၏ အကောက်ခွန်ဦးစီးဌာန၌ သွင်းကုန်ကြေညာလွှာ (Import Declaration) ဖွင့်လှစ်တင်သွင်းသူများအတွက် အကျုံးဝင်မည် ဖြစ်သည်။
ဓာတ်မြေဩဇာ တင်သွင်းမှုအပြင် ဒီဇယ်ဆီအတွက် အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ် လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းတို့ကိုပါ ဧပြီလအတွင်း ကင်းလွတ်ခွင့်ပြုရန် စစ်ကော်မရှင် လက်အောက်ခံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သို့သော် မြေပြင်တွင်မူ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ အပါအဝင် အထွေထွေ ကုန်ပစ္စည်းဈေးနှုန်းများမှာ ဆက်တိုက် မြင့်တက်လျက်ရှိနေသည်။
“အခုက အကုန်ဈေးတက်နေတာ။ ဆန်ဆိုလည်း တစ်အိတ်ကို အရင်ကထက် အများကြီး ပိုပေး နေရတယ်။ အခွန်တွေ လျှော့ပေးတယ်ဆိုပေမဲ့ ဈေးကတော့ ကျမသွားဘူး” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
မြန်မာနိုင်ငံ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) ၏ ဧပြီလအတွက် ရန်ကုန် အထိုင် လက္ကားဓာတ်မြေဩဇာ ရည်ညွှန်းဈေးအရ ယူရီးယား (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် ကျပ် ၉၄,၀၀၀ နှင့် DI Ammonium Phosphate ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်လျှင် ကျပ် ၁၁၅,၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။
လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်နေပြီး ပြည်တွင်းတွင်လည်း စက်သုံးဆီဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လျက်ရှိရာ ဒီဇယ်ဆီ အသုံးပြုရသည့် သယ်ယူပို့ဆောင်ရေးနှင့် အခြေခံကုန်စည်ဈေးနှုန်းများကို ထိန်းညှိနိုင်ရန်အတွက် အခွန်ကင်းလွတ်ခွင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – MOI