‎ဧရာတတီတိုင်းမ်
‎ဧပြီ ၂ ရက်

‎အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စက်သုံးဆီအကျပ်အတည်းဖြစ်နေချိန်တွင် စစ်ကော်မရှင်က ယာဉ်အိုးယာဉ်ဟောင်းများအပ်နှံပြီး စစ်အုပ်စုမိသားစုအကျိုးများမည့် EV ကား ပြန်လည်တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

ယမန်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေး အစည်းအဝေးတွင် ၎င်းက ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။

 

 

စက်သုံးဆီများကို လျှော့ချနိုင်ရန်အတွက် EV ကား တင်သွင်းမှုများကိုဆောင်ရွက်ရာတွင် စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများအပ်နှံ၍ EV ကားများ ပြန်လည်တင်သွင်းသည့်စနစ်ဖြင့် ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

‎‎”ပါမစ်စနစ်နဲ့ ကားတင်သွင်းခွင့်ရမယ်ပြောတာ။ ဒါကပြောတာပဲရှိတယ်။ သူ့လုပ်ငန်းအဆင့်ဆင့်တွေ လိုသေးတယ်။ အကောက်ခွန် တန်ဖိုးတွေ ဘယ်နှစ်ခုနစ်ကားကိုတင်သွင်းခွင့်ပြုမှာလဲ။ လိုင်စင်ချပေးမှာလား။ ‌ကားဝယ်ဖို့လိုအပ်တဲ့ ဒေါ်လာထုတ်ရောင်းပေးမှာလား။ အများကြီးလိုသေးတယ်” ဟု ယခင်မော်တော်ယာဉ်တင်သွင်းသူတစ်ဦးက ဆိုသည်။

 

သို့ရာတွင် လျှပ်စစ်မီးအချိန်ပြည့်မပေးနိုင်လျှင် EV ကားများလည်း အလုပ်မဖြစ်ကြောင်း ၎င်းက ဆက်လက်‌ပြောကြားသည်။

မော်တော်ယာဉ်မူဝါဒတွင် သက်တန်း နှစ် ၂၀ ရှိသည့် ယာဉ်အိုယာဉ်ဟောင်များအပ်ခွင့် ( ပါမစ်စလစ်) ဖြင့် ပြည်ပမှကားတင်သွင်းခွင့်ပြုရာတွင် လူစီးမော်တော်ယာဉ်များအတွက် ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် မော်တော်ဒယ်အမြင့်ယာဥ်များသာ တင်သွင်းခွင့်ပြုထားခြင်းဖြစ်သည်။

‎စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံခြားငွေထိန်းချုပ်ရေးအတွက် မော်တော်ယာဉ်တစ်ဦးချင်း ပါမစ်အပါအဝင် ဇိမ်ခံပစ္စည်းများဝယ်ယူတင်သွင်းခွင့်ကို ယခုချိန်ထိပိတ်ပင်ထားသည်။

‎ထို့ပြင် EV ကားအသုံးပြုများလာစေရန်အတွက် အခွန်သုညစနစ်ဖြင့် EV ကားများကိုအခွင့်ထူးခံစေပြီး ယာဉ်တင်သွင်းခွင့်ပြုရာ၌ အောင်ပြည့်စုံအပါအဝင် စစ်‌တပ်အသိုင်းအဝိုင်းသာလုပ်ပိုင်ခွင့်ရကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။

 

 

‎စစ်‌ကော်မရှင်က EV အသုံးများစေရန်အတွက် အထူးကုန်စည်ခွန် (SGT) ၊ကုန်သွယ်လုပ်ငန်းခွန် (Commercial Tax) ၊ ဘီးခွန်၊ မြို့ဝင်ကြေး၊ လမ်းအသုံးပြုခနှင့် လုပ်ငန်းလိုင်စင်ကြေး အပါအဝင် အခွန်အခအမျိုးမျိုးကိုကင်းလွတ်ခွင့်ပြုထားပြီးနောက် ယခု ၂၀၂၆ ဧပြီ ၁ ရက်နေ့မှစတင်ကာ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ အခွန်ကောက်နေပြီဖြစ်ကြောင်း သိရသည်။

‎ထို့ပြင် EV တင်သွင်းခွင့်ရကုမ္ပဏီပေါင်း ၈၀ ကျော်ရှိပြီးToyota ၊ Honda ၊ NETA ၊ BYD၊ GAC ၊ Leap Motor တရုတ်နိုင်ငံထုတ်ကားများ အဓိကနေရာယူထားသည်။

‎အဆိုပါကုမ္ပဏီများသည် ၂၀၂၁ ခုနှစ်ကတည်းက တစ်နှစ်လျှင် အစီးရေ ၅၀၀ အထိ တင်သွင်းခွင့်ရရှိထားသော်လည်း ကုမ္ပဏီထက်ဝက်ခန့်သာ အမှန်တကယ်တင်သွင်းနိုင်ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်