ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ မြောက်စမ်းကျေးရွာရှိ အမြောက်တပ် ၃၄၄ ကို စစ်ကူလာရောက်သည့် စစ်ကော်မရှင် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုများကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ အမြောက်တပ် ၃၄၄ ကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝန်းရံပိတ်ဆို့ထားပြီး တပ်အတွင်းမှ အဝင်အထွက်ပြုလုပ်နေသည့် စစ်ကော်မရှင်စစ်ကြောင်းများနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်သည်။
“စစ်အင်အားတွေ တောက်လျှောက်တက်နေတာ။ ကားတွေနဲ့လည်း ပို့တယ်။ ပြန်ဆင်းလာတဲ့ ကားတွေမှာ လူနာတွေကို ပြန်သယ်သွားတာ တွေ့ရတယ်။ ၃၄၄ တစ်ဝိုက်ကို AA က ပိတ်ဆို့ထားတယ်လို့ သိရတယ်” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

ပြီးခဲ့သည့် မတ်လနောက်ဆုံးပတ်အတွင်းကလည်း ဖျာပုံအခြေစိုက် ခလရ ၉၈ နှင့် ဓနုဖြူအခြေစိုက် ခလရ ၁၀၈ တို့မှ ပူးပေါင်းစစ်ကြောင်းများ အမြောက်တပ်အတွင်း စစ်ကူဝင်ရောက်စဉ် AA က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့သည်။
စစ်ကော်မရှင်သည် သီတာကုန်းပြင်၊ စက်စက်ယိုနှင့် နဂါးရစ်တောင်ကြောတစ်ဝိုက်တွင် နယ်မြေ စိုးမိုးမှုရရန် အမြောက်တပ် ၃၄၄ အတွင်းမှ စစ်ကြောင်းများကို အသုံးပြု၍ တိုက်စစ်ဆင်ခိုင်း ထားသော်လည်း AA ၏ ပိတ်ဆို့တိုက်ခိုက်မှုများကြောင့် အထိနာနေပြီး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
လက်ရှိတွင် စစ်ကော်မရှင်သည် ရေကြည်နှင့် လေးမျက်နှာ ချင်းကုန်းဘက်သို့ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) မှ ထုတ်နုတ်အင်အားများနှင့် ကျုံပျော်အခြေစိုက် ခလရ ၃၆ မှ တပ်ဖွဲ့ဝင်များကို အသုံးပြုကာ နေ့စဉ် စစ်ယာဉ်တန်း ငါး စီးခန့်ဖြင့် အင်အားဖြည့်တင်းလျက်ရှိသည်။
ဧရာဝတီတိုင်းအတွင်းရှိ လေးမျက်နှာ၊ ရေကြည်နှင့် အင်္ဂပူမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ရှိနေကာ အင်္ဂပူမြို့နယ်ရှိ ကွင်းကောက်၊ တတက-၅ အတွင်းသို့လည်း စစ်ကူအင်အားများ ဖြန့်ကျက်ပို့ဆောင်ထားကြောင်း စုံစမ်းသိရသည်။
ဓာတ်ပုံ-AA Info Desk