ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်

အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း၊ မိုလတ်ကာပင်လယ်ပြင်မှာ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်မှု ကြောင့် ဆူနာမီလှိုင်းငယ်လေးတွေ ဖြစ်ပေါ်ခဲ့ပေမဲ့ လက်ရှိအချိန်အထိတော့ ထိခိုက်ဒဏ်ရာရသူနဲ့ ပျက်စီး ဆုံးရှုံးမှုသတင်းတွေ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ရဲ့ ထုတ်ပြန်ချက်အရ အဆိုပါ အင်အား ၇ ဒသမ ၄ အ ဆင့်ရှိ ငလျင်ဟာ ဒေသစံတော်ချိန် ကြာသပတေးနေ့ မနက်စောစောပိုင်းမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ဗ ဟိုချက်မှာ မြောက်မာလူကူပြည်နယ်၊ တာနိတ်မြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ၇၉ မိုင်အကွာ ပင် လယ်ရေအောက် ၂၂ မိုင်အနက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက်မှာ အင်ဒိုနီးရှား မိုးလေဝသ၊ ဇလဗေဒနဲ့ ဘူမိရူပဗေဒ အေဂျင်စီက ဆူနာ မီ သတိပေးချက် ထုတ်ပြန်ခဲ့ပေမဲ့ ဘေးအန္တရာယ်ရှိနိုင်ခြေ အခြေအနေကိုတော့ အနီးကပ် စောင့်ကြည့်နေ ဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ငလျင်လှုပ်ပြီး နာရီဝက်မပြည့်ခင်မှာပဲ ကမ်းခြေစောင့်ကြည့်ရေးစခန်းတချို့မှာ ဆူနာမီလှိုင်းတွေ ကို တိုင်းတာရရှိခဲ့ပြီး၊ ဘီတန်မြို့မှာ လှိုင်းအမြင့် ၈ လက်မခန့်နဲ့ ဟာလ်မာဟီရာကျွန်းအနောက်ပိုင်းမှာ လှိုင်းအမြင့် ၁ ပေခန့်အထိ ရှိခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။

ဟိုနိုလူလူအခြေစိုက် ပစိဖိတ်ဆူနာမီသတိပေးဗဟိုဌာနရဲ့ ထုတ်ပြန်ချက်အရ အဆိုပါငလျင် ကြောင့် မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ပါပူအာနယူးဂီနီနိုင်ငံတွေမှာ လှိုင်းငယ်လေးတွေ ရိုက်ခတ်နိုင်ခြေ ရှိတယ်လို့ ဆိုပေမဲ့ ဟာဝိုင်ယီ၊ ဂူအမ်ကျွန်းနဲ့ အခြားအလှမ်းဝေးတဲ့ ကျွန်းစုတွေအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ ခြိမ်းခြောက်မှုမျိုး မရှိဘူးလို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု၊ ဒဏ်ရာရရှိမှုနဲ့ သေဆုံးမှုသတင်းတွေ ချက် ချင်းတက်လာတာမျိုး မရှိသေးသလို ဒေသတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တွေနဲ့ အင် ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေးအေဂျင်စီတို့ကလည်း တရားဝင် အကဲဖြတ်ချက် ထုတ်ပြန်ချက်တွေကို အခု ချိန်ထိ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

လူဦးရေ ၂၈၀ သန်းကျော်ရှိရာ ကျွန်းစုနိုင်ငံကြီးဖြစ်တဲ့ အင်ဒိုနီးရှားဟာ ပစိဖိတ်သမုဒ္ဒရာအတွင်း က မီးတောင်တွေ၊ ငလျင်ကြောတွေ စုဝေးရာ မီးကွင်းဂူလို့ ခေါ်တဲ့နေရာမှာ တည်ရှိနေတာကြောင့် ငလျင် လှုပ်ခတ်တာနဲ့ မီးတောင်ပေါက်ကွဲတာတွေကို မကြာခဏ ခံစားရလေ့ရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်က ဂျာဗားကျွန်းအနောက်ပိုင်း၊ ချီယန်ဂျာမြို့မှာ လှုပ်ခတ်ခဲ့တဲ့ အင်အား ၅.၆ အဆင့်ရှိ ငလျင်ကြောင့် လူပေါင်း ၆၀၂ ဦး သေဆုံးခဲ့ပြီး ၂၀၁၈ ခုနှစ်က ဆူလာဝေစီကျွန်းမှာ လူပေါင်း ၄,၃၀၀ ကျော် သေဆုံးခဲ့ရတဲ့ ငလျင်နဲ့ ဆူနာမီ ဖြစ်ရပ်နောက်ပိုင်း အင်ဒိုနီးရှားမှာ အသေအပျောက် အများဆုံး ငလျင် တစ်ခု ဖြစ်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာ အိန္ဒိယသမုဒ္ဒရာအတွင်း အလွန်အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ ပြီး ဆူနာမီလှိုင်းကြီးတွေ ဖြစ်ပေါ်ခဲ့တာကြောင့် နိုင်ငံပေါင်း ၁၂ နိုင်ငံမှာ လူပေါင်း ၂ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ကာ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ဟာ အသေအပျောက် အများဆုံး ခံစားခဲ့ရတဲ့ ဒေသဖြစ် ပါတယ်။

ကိုးကား – CBS News
Ref; Powerful 7.4 magnitude earthquake in Indonesia’s Molucca Sea sets off small tsunami