ဧရာ၀တီတိုင်းမ်
ဧပြီ ၁ ရက်
ဧရာ၀တီတိုင်းတွင် စက်သုံးဆီရှားပါးမှုနှင့် ဝယ်လိုအားများနေမှုကြောင့် နေရာဒေသအပေါ် မူတည်၍ ဒီဇယ် ၁ ပေပါလျှင် ပြင်ပပေါက်စျေး ၂၅ သိန်းမှ သိန်း ၃၀ ကျော်အထိ စျေးနှုန်းများ အဆမတန် မြင့်တက်နေသဖြင့် လယ်သမား သန်းနှင့်ချီ၍ အခက်အခဲများကြုံတွေ့နေကြောင်း သိရသည်။
ဧရာ၀တီတိုင်းတွင် နွေစပါးစိုက်ခင်းများကို ဖေဖော်ဝါရီ၊ မတ်လနှင့် ဧပြီလတို့တွင် ရိတ်သိမ်းလေ့ရှိပြီး လက်ရှိ စပါးရိတ်သိမ်းကာလအတွင်း စက်သုံးဆီ (ဒီဇယ်) ရှားပါးမှုနှင့် ဝယ်လိုအားများသည့်အတွက် ဂါလံ ၅၀ ပါ ဒီဇယ် ၁ ပေပါလျှင် ကျပ်သိန်း ၃၀ ကျော်အထိ စျေးနှုန်းများအဆမတန် မြင့်တက်နေခြင်းဖြစ်ကြောင်း ဒေသခံ လယ်သမားများက ပြောသည်။
“အခုက ဒီဇယ်တပေပါကို ၂၇ သိန်း ဖြစ်နေပြီ။ ဆိုင်တွေကအကန့်အသတ်နဲ့ ရောင်းပေးတယ်ဆိုပေမယ့် ရွာနဲ့မြို့ကဆိုင်နဲ့က အဝေးကြီး။ သွားလည်းမဝယ်နိုင်ဘူး။ သွားတန်းစီလည်း လူတယောက် ၂ ဂါလံခွဲပဲ ရောင်းပေးတာ ဘယ်လိုမှအဆင်မပြေဘူး။ အဲတော့ အပြင်ကနေ တပေပါ ၂၇ သိန်းနဲ့ ဝယ်သုံးနေရတယ်”ဟု ကန်ကြီးထောင့်မြို့နယ်မှ လယ်သမားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ဒီဇယ် ၁ ပေပါ ၂၆ သိန်း၊ ရေကြည်နှင့်သာပေါင်းတွင် ၂၇ သိန်း၊ ကြံခင်းမြို့နယ်တွင် သိန်း ၃၀ ပေါက်စျေးရှိနေပြီး နေရာဒေသနှင့် ဝယ်လိုအားအပေါ်မူတည်၍ ၂၅ သိန်းမှ သိန်း ၃၀ ကျော်အထိ ဒီဇယ်စျေး အဆမတန် မြင့်တက်နေခြင်းဖြစ်သည်။
“လယ်အတွက် ဒီဇယ်လိုလို့ ဝယ်မလားဆိုပြီးစျေးသွားမေးတာ ၅ ဂါလံကို ၃ သိန်းတဲ့။ တဂါလံ ၆ သောင်းစျေး ဖြစ်နေတယ်။ အဲ့လောက်ကြီးစျေးတက်နေတော့ ဘယ်လိုမှအဆင်မပြေဘူး၊ လယ်သမားတွေ အရမ်း ဒုက္ခရောက်နေကြတယ်”ဟု ကြံခင်းမြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။
ဧရာ၀တီတိုင်းတွင် စက်မှုလယ်ယာသို့ ပြောင်းလဲခဲ့သည့်နောက် လယ်သမားအများစုမှာ ကျွဲနွားများအစား စက်ပစ္စည်းများ အသုံးပြု၍ စိုက်ပျိုးရိတ်သိမ်းကြပြီး လက်ရှိနွေစပါးရိတ်သိမ်းကာလတွင် ရိတ်သိမ်း ခြွေလှေ့စက်၊ စပါးခြွေလှေ့စက်၊ စပါးများ သယ်ယူပို့ဆောင်ရန် ထော်လာဂျီနှင့် စက်လှေများအတွက် ဒီဇယ်ဆီ မဖြစ်မနေ အသုံးပြုရန်လိုအပ်နေသည်။
လယ်သမားများ စပါးရိတ်သိမ်းရန် ကြီးမားသည့်အကြပ်အတည်းများ ကြုံတွေ့နေသော်လည်း အာဏာသိမ်း စစ်ကောင်စီခန့် ဧရာ၀တီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းဦးဆောင်သည့် တိုင်းအစိုးရက တစုံတရာ ကူညီဆောင်ရွက်ပေးခြင်းမရှိကြောင်း ဒေသခံလယ်သမားများက ပြောသည်။
ဒီဇယ်ဆီစျေးနှုန်း အလွန်အမင်းကြီးမြင့်မှုကြောင့် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် လယ်ရိတ်ခမှာ ၁ ဧကလျှင် ၂၅၀,၀၀၀ မှ ၃ သိန်းအထိ ပေါက်စျေးရှိနေပြီး လယ်သမားများ အရှုံးခံကာရိတ်သိမ်းနေရကြောင်း သိရသည်။
ဧရာ၀တီတိုင်းတွင် မိုးစပါးစိုက်ဧက ၃ ဒဿမ ၆ သန်းရှိပြီး နွေစပါးစိုက်ဧက ၁ ဒဿမ ၃ သန်းကျော်ရှိကာ ဧရာ၀တီတိုင်း၏လူဦးရေ ၆ သန်းကျော်ရှိသည့်အနက် ၈၀ ရာခိုင်နှုန်းကျော်မှာ လယ်ယာလုပ်ငန်းကို အဓိက စီးပွားရေးအဖြစ်လုပ်ကိုင်ကြသူများဖြစ်ကြောင်း အရပ်သား NLD အစိုးရလက်ထက် စာရင်းများအရ သိရသည်။