နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်

တိုက်ပွဲများကြောင့် နှစ်နှစ်ကျော်ကြာ ပိတ်ထားရသည့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး ကို ပြန်လည်ဖွင့်လှစ်ရန် စစ်ကော်မရှင်က ပြင်ဆင်နေမှုသည် ထိုင်းနိုင်ငံနှင့် ညှိနှိုင်းမှုရလဒ်အရ ပူးပေါင်း လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ မြန်မာဘက်ခြမ်းမှ တစ်ဖက်သတ် ပြင်ဆင်နေခြင်းသာဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကော်မရှင်၏ ကရင်ပြည်နယ်အစိုးရအဖွဲ့သည် အဆိုပါလမ်းမကြီးဖွင့်ပွဲကို လာမည့် ဧပြီ ၂ ရက်တွင် ဘားအံမြို့နယ်၊ တံတားဦးကျေးရွာ (လွန်းညရေပြာအိုင်အနီး) ၌ ပြုလုပ်ရန် စီစဉ်နေပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာအားလုံး မပျက်မကွက် တက်ရောက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

“လမ်းဖွင့်မှာ ဟုတ်တယ်ပြောတယ်။ မြန်မာဘက်ခြမ်း ပြည်နယ်အဆင့် ဖွင့်တာ။ ထိုင်းဘက်ကကို မသိကြသေး။ ထိုင်းနဲ့ ပေါင်းဖွင့်တာ မဟုတ်သေး၊ နယ်စပ်ကုန်သွယ်ရေး ဖွင့်တာ မဟုတ်သေးဘူးလို့ ဆိုလိုပုံရတယ်” ဟု ထိုကိစ္စသိထားသူ အရင်းအမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ် ရေး၏ အဓိကအသက်သွေးကြောဖြစ်သော ယင်းလမ်းမကြီးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ စစ်ကော်မရှင်က ပိတ်ထားခဲ့ခြင်းဖြစ်သည်။

လမ်းပိတ်ထားစဉ်အတွင်း ကုန်သည်များနှင့် ခရီးသွားပြည်သူများသည် လမ်းဟောင်းများမှတစ်ဆင့် ဂိတ်ကြေးအမြောက်အမြားပေးဆောင်ကာ အစားထိုးသွားလာခဲ့ရသလို၊ စစ်ကော်မရှင်အတွက်လည်း ကုန်သွယ်ရေးအခွန်အခ ဆုံးရှုံးမှုများပြားခဲ့သည်။

စစ်ကော်မရှင်သည် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၁၇ ဘီလီယံခန့် ရရှိနေပြီး ယခုအခါ ဘားအံ-ကော့ကရိတ်-မြဝတီ လမ်းပိုင်းကို ကနဦးဖွင့်လှစ်ကာ အခြေ အနေပေါ်မူတည်၍ မြဝတီ-မဲဆောက် အမှတ် (၂) တံတားကို ဆက်လက်ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်သည်။

အထူးသဖြင့် အိမ်စီးကားနှင့် အရပ်သားကားများအား ဖြတ်သန်းသွားလာရန် စစ်ကော်မရှင်က ဖိအားပေး လုပ်ဆောင်နေကြောင်း သိရသည်။

သို့သော် လက်ရှိမြေပြင်အခြေအနေတွင် မြဝတီတောင်ဘက် ဖလူးဒေသနှင့် ဝေါ်လေဗျူဟာကုန်းတို့၌ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သလို၊ ကော့ကရိတ်မြောက်ပိုင်းနှင့် ဒေါနတောင်ကျော် လမ်းဟောင်း ဘက်တွင်လည်း စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့တိုက်ပွဲများ ဆက်ရှိ နေကြောင်း ဒေသခံများက ဆိုသည်။

ယင်းကဲ့သို့ စစ်ရေးတင်းမာမှုများအကြား စစ်ကော်မရှင်က လမ်းပြန်ဖွင့်ရန် ကြိုးပမ်းမှုသည် နယ်စပ်ကုန်သွယ်ရေး ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း ပြသလိုသည့် နိုင်ငံရေးလှည့်ကွက်တစ်ခုပင် ဖြစ်သည်ဟု စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

ဓာတ်ပုံ-လူမှုကွန်ရက်