ဧရာဝတီတိုင်းမ်
(စစ်ကိုင်း)၊ ဧပြီ ၁ ရက်

စစ်ကိုင်းတိုင်းသည် စစ်အာဏာသိမ်း ၅ နှစ်တာကာလအတွင်း စစ်ကော်မရှင်၏ ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်မှုများကို အများ‌ဆုံးခံရပြီး ထိခိုက်ဆုံးရှုံးမှုအများဆုံးဖြစ်ပွားခဲ့သည့် ဒေသ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန အစီရင်ခံစာတါင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းသည် စစ်ကော်မရှင်တပ်ဖွဲ့များ၏ စစ်ကြောင်းထိုးခြင်း၊ နေအိမ်မီးရှို့ခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရခြင်း စသည်ဖြင့် အကြမ်းဖက်ဖျက်ဆီးမှုအများဆုံး ခံရသည့်ဒေသဖြစ်ပြီး ထိုဖြစ်စဉ်ပေါင်း ၂၀၃၇ ခုအထိဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်တပ်၏ ပစ်မှတ်ထားတိုက်ခိုက်ခြင်းခံရမှုအများစုမှာ အရပ်သားများဖြစ်ပြီး အသက်ရှင်သန်ရေး အတွက် မရှိမဖြစ်လိုအပ်သည့်အဆောက်အအုံများဖြစ်သည့် အစားအသောက်သိုလှောင်ရာနေရာများ၊ ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် ဆေးခန်းများကိုပါ ဖျက်ဆီးခဲ့ကြသည်။

“ကျွန်မပုန်းရှောင်နေတုန်းမှာ စစ်သားတွေဝင်လာကြတာကို အဝေးကြီးကနေလှမ်းမြင်နေရတယ်။ ရေသန့်ဘူးလိုမျိုး ဘူးတွေအများကြီးသူတို့လက်ထဲမှာ သယ်လာကြတယ်။ နောက်တော့အိမ်တွေစပြီး မီးလောင်တော့တာပဲ။ အဲ့ဒီကျမှကျွန်မတို့အိမ်တွေကို မီးရှို့ပစ်ဖို့အတွက် ဓာတ်ဆီတွေသယ်လာကြမှန်း သိတော့တယ်” ဟု စစ်ကိုင်းတိုင်းမှ အမျိုးသမီးတစ်ဦးက ပြောပြခဲ့သည်။

စစ်ကော်မရှင်သည် စစ်ကိုင်းတိုင်းအတွင်း မီးရှို့ဖျက်ဆီးခြင်းကို အများဆုံးပြုလုပ်လေ့ရှိပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုပေါင်းများစွာ ပြုလုပ်ခဲ့ပြီး မီးရှို့သည့်ဖြစ်စဉ် ၉၁၂ ကြိမ်အထိရှိပြီး ကျေးရွာရပ်ကွက်ပေါင်း ၁၁၇၅ ခုအထိ ပျက်စီးခဲ့ရကြောင်း သိရသည်။

ထို့ပြင် လူပေါင်း ၁၀၀ နှင့်အထက်သေဆုံးခဲ့သည့် ပဇိကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်များလည်း ရှိခဲ့ပြီး ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးခြင်းခံရသည့် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၁၉ ကြိမ်အထိ ရှိခဲ့ကြောင်းလည်း သိရသည်။

NUG လူ့အခွင့်ရေး‌ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် စစ်တပ်၏ အာဏာသိမ်း ၅ နှစ်တာကာလတွင် ‌စစ်ကော် မရှင်၏ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်ပေါင်း ၂၃၀၀၀ ကျော်ကို မှတ်တမ်းရရှိခဲ့ပြီး ၎င်းတို့ အနက်ဖြစ်စဉ် ၇၅၀၀ ကျော်မှာ အရပ်သားပြည်သူတို့၏ ပစ္စည်းဥစ္စာဖျက်ဆီးခံရခြင်း တို့ဖြစ်ကြောင်း လည်း သိရသည်။

ဓာတ်ပုံ – အင်တာနက်