ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ဆင်မှုများမှာ မြို့ပေါ်အထိ နီးကပ်လာ နေခြင်းကြောင့် စစ်တွေမြို့ရှိ စစ်ကော်မရှင်အရာရှိကြီးများ အရေးပေါ်ထွက်ပြေးနိုင်ရန်အတွက် ရဟတ် ယာဉ်များ ထပ်မံဖြည့်တင်းကာ အသင့်ပြင်ဆင်ထားကြောင်း သိရသည်။
စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နှင့် ခြေလျင်တပ်ရင်း ခလရ-၂၀ တို့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းမှူးကိုယ်တိုင် ဦးစီးပြီး ခံစစ်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“အခု စစ်တွေဆေးတပ်ရင်းထဲမှာ ဟယ်လီကော်ပတာ (ရဟတ်ယာဉ်) တစ်စီး အသင့်အနေအထားနဲ့ ဆိုက်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် နယ်လှည့်စစ်တိုင်းဌာနချုပ်က တိုင်းမှူးကိုယ်တိုင် ဦးစီးကွပ်ကဲနေတယ်လို့ သတင်းရရှိထားပါတယ်ဗျ” ဟု စစ်တွေသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့်လအတွင်းက တိုက်ပွဲများ ပြင်းထန်လာပြီးနောက် စစ်တွေမြို့ရှိ ခြေလျင်တပ်ရင်း ခလရ-၂၀ တွင် MI-17 နှင့် MI-35 ရဟတ်ယာဉ် နှစ်စီးကို အသင့်အနေအထား ပြင်ဆင်ထားခဲ့ရာမှ ယခုအခါ မဆရ (၈) စစ်မြေပြင်ဆေးတပ်ရင်းအတွင်းသို့လည်း အဆင့်မြင့်အရာရှိများ တိမ်းရှောင်နိုင်ရန်အတွက် MI-17 ရဟတ် ယာဉ်တစ်စီး ထပ်မံရောက်ရှိလာခြင်းဖြစ်သည်။
အဆိုပါ စစ်ရေးပြင်ဆင်မှုများနှင့် မြို့တွင်းလုံခြုံရေး အခြေအနေများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦး ကိုယ်တိုင် အနီးကပ် ကြီးကြပ်ကွပ်ကဲနေကြောင်း သိရသည်။
စစ်ကော်မရှင်သည် စစ်တွေမြို့ကာကွယ်ရေးအတွက်ဟု အကြောင်းပြကာ မြို့ပတ်ဝန်းကျင်ရှိ သံတော်လီ၊ တိမ်ဗွေ၊ မော်သည်းညာ၊ ဂူဝါလာဒယ်၊ ဝါယာလစ်၊ ခေါင်းဒုက္ကာနှင့် ဘောဒူဖ အစရှိသည့် မူဆလင်ကျေးရွာပေါင်း ၂၀ ခန့်ကို အရေးပေါ် ပြောင်းရွှေ့ဖယ်ရှားခိုင်းထားသည်။
ပြီးခဲ့သည့် မတ် ၂၆ ရက်နေ့ကလည်း AA ၏ ထိရောက်သော တိုက်ခိုက်မှုများကြောင့် စစ်တွေမြို့ပြင်ရှိ စစ်ကော်မရှင်၏ ကာကင်းစခန်းအချို့မှာ စခန်းစွန့်ခွာ၍ မြို့တွင်းသို့ ဆုတ်ခွာပြေးဝင်သွားကြရသည့် အခြေအနေများလည်း ရှိခဲ့သည်။
လက်ရှိတွင် စစ်ကော်မရှင်က မြို့တွင်းလုံခြုံရေးကို အတင်းအကျပ် တိုးမြှင့်ထားသော်လည်း အဆင့်မြင့် အရာရှိများမှာမူ အမ်း နပခဖြစ်စဉ်မှ အဆင့်မြင့်အရာရှိများ ဖမ်းဆီးခံရသည့်အခြေအနေကို ရှောင်ကွင်း ရန် အတွက် ကြိုတင်ပြင်ဆင်လာခြင်းဖြစ်သည်။
ပုံစာ-စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ (ပုံဟောင်း)