နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်

 

တိုင်းပြည်၏ အရင်းခံပြဿနာများကို ဖြေရှင်းရန်အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအားလုံးကို အမြန်ဆုံး ပြန်လွှတ် ပေးရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်နိုင်ရေး အဖြေရှာရန် လိုအပ်ကြောင်း ပြည်တွင်းနိုင်ငံရေး အင်အားစုများဖြင့် စုစည်း ထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (PCB) က သဘောထား (၉) ချက် ထုတ်ပြန်၍ တိုက်တွန်းထားသည်။

 

သင့်တင့်မျှတသည့် နိုင်ငံရေးပတ်ဝန်းကျင် ဖန်တီးကာ ပဋိပက္ခနှင့် သက်ဆိုင်သူများ အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲများမှတစ်ဆင့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းပြီးမှသာ တိုင်းပြည်အေးချမ်းမည်ဟု PCB က ယုံကြည်ကြောင်း ယမန်နေ့ မတ် ၃၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီဟာတွေက တောင်းဆိုချက်လားဆိုပြီး ကျွန်တော်တို့ကို မေးကြတယ်။ အဓိကကတော့ ကျွန်တော် တို့ဟာ ဒီအခြေအနေဖြစ်မှသာလျှင် တိုင်းပြည်က အေးချမ်းမယ်ဆိုတာကို ပြည်သူလူထုထံ ချပြလိုက် တာပဲ ဖြစ်တယ်” ဟု PCB ၏ ပြောခွင့်ရ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

 

PCB အနေဖြင့် သဘောထား (၉) ချက် ထုတ်ပြန်ရာတွင် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်း သားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် ရေးသားပြောဆိုခွင့်ကို အသိအမှတ်ပြု အာမခံရန်တို့ ပါဝင်သည်။

 

ယင်းအပြင် လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းစေခြင်း မပြုလုပ်ရန်၊ အရပ်သားပြည်သူများ သေကျေပျက်စီး ထိခိုက်နစ်နာစေမည့် စစ်ရေးဆောင်ရွက်ချက်များ၊ ဘာသာရေး၊ ဆေးရုံ၊ စာသင်ကျောင်း စသည့် အဆောက်အအုံများအား တိုက်ခိုက်ခြင်းများကို ရှောင်ရှားရန် တိုက်တွန်း တောင်းဆိုထားသည်။

“တိုင်းပြည်ရဲ့ ပကတိနိုင်ငံရေး လိုအပ်ချက်ကို ဖြည့်စွမ်းဖို့ အရေးကြီးပါတယ်။ ပေါ်လစီပိုင်းနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင် တိုင်းရင်းသားတွေ လိုလား၊ ပြည်သူအများစု လိုလားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးပဲ ဖြစ်တယ်။ အဲဒါကို ဘယ်လိုလုပ်မလဲဆိုတဲ့ အဖြေကိုရှာဖို့ လိုတယ်လို့မြင်တယ်” ဟု ဦးမြအေးက ဆိုသည်။

 

ထို့ပြင် CDM များအပေါ် အရေးယူမှု မပြုလုပ်ရန်၊ စစ်ဘေးသင့်ပြည်သူများအား ကုစားပေးရန်နှင့် ပြည်ပရောက် အင်အားစုများ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး အခင်းအကျင်းများ ဖော်ဆောင်ရန် တို့ကိုလည်း ထည့်သွင်းဖော်ပြထားသည်။

 

ယင်းလုပ်ငန်းစဉ်များ အောင်မြင်ရန်အတွက် အာဆီယံ၊ ကုလသမဂ္ဂနှင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း PCB က တောင်းဆိုထားသည်။

 

အဆိုပါ PCB အဖွဲ့ကို ၈၈ နှင့် ၉၆-၉၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှ တို့ကဲ့သို့ မြန်မာ့အခင်းအကျင်းတွင် စဉ်ဆက်မပြတ် ပါဝင်ဖြတ်သန်းနေသော အင်အားစုများ၊ လူပုဂ္ဂိုလ်များဖြင့် စုဖွဲ့ထားခြင်း ဖြစ်သည်။