ဧရာ၀တီတိုင်းမ်
ဧပြီ ၁ ရက်

ယနေ့ ဧပြီလ ၁ ရက်နေ့တွင် ကျရောက်သည့် “ဧပရယ်ဖူးလ် (April Fool’s Day)” အထိမ်းအမှတ်အဖြစ် လူမှုကွန်ရက်ပေါ်တွင် နောက်ပြောင်မှုများ ပြုလုပ်ရာ၌ အများပြည်သူအား ထိတ်လန့်တုန်လှုပ်စေခြင်း သို့မဟုတ် ထိခိုက်နစ်နာစေခြင်းမျိုး ရှိခဲ့ပါက ထောင်ဒဏ်နှင့် ငွေဒဏ်များအပါအဝင် ပြင်းထန်သော အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရက သတိပေးထားသည်။

အထူးသဖြင့် လူမှုကွန်ရက်ပေါ်တွင် သတင်းအမှားများကို အလျှင်အမြန် ဖြန့်ဝေမိခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအတွက် ထိုင်းရဲတပ်ဖွဲ့က အနီးကပ် စောင့်ကြည့်နေကြောင်း သိရသည်။

“ဧပရယ်ဖူးလ်နေ့မှာ လူအများဟာ ပျော်ရွှင်စေဖို့နဲ့ စိတ်အပန်းပြေဖို့အတွက် ဟာသတွေ၊ နောက်ပြောင် တဲ့ သတင်းအမှားတွေကို မျှဝေလေ့ရှိကြပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပြောင်မှုတွေဟာ တခြားသူတွေကို ထိခိုက်စေတာ ဒါမှမဟုတ် လူထုအတွင်း ထိတ်လန့်စရာတွေ ဖြစ်ပေါ်စေမယ်ဆိုရင်တော့ ဥပဒေအရ အရေးယူခံရမှာဖြစ်ပါတယ်” ဟု ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ အေရင်းဖန်ရစ် (Ayrin Phanrit) က ပြောကြားခဲ့သည်။

ပြစ်ဒဏ်များအနေဖြင့် အသရေဖျက်မှုဖြစ်ပါက ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ် ဘတ် ၂ သိန်းအထိ ချမှတ်ခံရနိုင်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် လူထုကို ထိတ်လန့်စေမည့် သတင်းအမှားများ ဖြန့်ဝေပါက ကွန်ပျူတာပြစ်မှုဥပဒေအရ ထောင်ဒဏ် ၅ နှစ်နှင့် ငွေဒဏ် ဘတ် ၁ သိန်းအထိ အပြင်းအထန် အရေးယူခံရနိုင်ကြောင်း သိရသည်။

လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများကြောင့် ကမ္ဘာ့စွမ်းအင်ကဏ္ဍ အခြေအနေများအပေါ် သက်ရောက်မှုရှိနေသဖြင့် ယုံကြည်မှုမပျက်ပြားစေရန်အတွက် တိကျမှန်ကန်ပြီး အကျိုးရှိမည့် သတင်းအချက်အလက်များကိုသာ မျှဝေကြရန်လည်း အစိုးရက တိုက်တွန်းထားသည်။

ပြည်သူများအနေဖြင့် သတင်းတစ်ခုကို မျှဝေခြင်းမပြုမီ သေချာစွာ စိစစ်ကြရန်နှင့် သတင်းအမှား များကြောင့် ထိခိုက်နစ်နာမှုရှိခဲ့ပါက နီးစပ်ရာရဲစခန်းများ သို့မဟုတ် ထိုင်းရဲတပ်ဖွဲ့၏ အရေးပေါ်ဖုန်းလိုင်း ၁၉၁ နှင့် ၁၅၉၉ တို့သို့ ၂၄ နာရီပတ်လုံး ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အကြံပြုထားသည်။

ကိုးကား-Khaosod English

Ref;THAILAND WARNS APRIL FOOLS’ POSTS RISK JAIL AND FINES