ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်

 

လက်ရှိဖြစ်ပေါ်နေသောစက်သုံးဆီရှားပါးမှုကြောင့်အဝေးပြေးယာဉ်လိုင်းများက ယာဉ်စီးခအထပ်ထပ် ဈေးနှုန်းတက်မည့်အပြင် အချို့ယာဉ်လိုင်းများ၏ ခရီးစဉ်ပုံမှန်ပြေးဆွဲနိုင်မှုမသေချာသောအခြေအနေများကြောင့် ခရီးသွားပြည်သူများနစ်နာကြောင်းသတင်းရရှိသည်။

 

လက်ရှိပြေးဆွဲနေသောနာမည်ကြီးယာဉ်လိုင်းအများအပြားအပါအဝင် ရွှေမန္တလာခရီးသည်ပို့ ဆောင်ရေး လုပ်ငန်းများမှ လက်မှတ်ဈေးနှုန်းမြှင့်ထားပြီး ထပ်မံအပြောင်းအလဲပြုလုပ်နိုင်ခြင်း၊ ခရီးစဉ်ရပ်နားခြင်းများ ဖြစ်ပေါ်နေကြောင်း ကြေညာထားသည်။

 

လာမည့် ဧပြီ ၁ ရက်နေ့မှစတင်ကာ သင်္ကြန်ရုံးပိတ်များအတွက် JJ Express နှင့် ဦးတေဇပိုင် Elite Express တို့ကစတင်ရောင်းချမည်ဖြစ်ပြီး သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းများ၏ လက်မှတ်ခများမှာ ခရီးစဉ်တစ်ကြောင်းအတွက်အနည်းဆုံးကျပ် ၇၅,၀၀၀ မှ ၁၁၀,၀၀၀ အထိရှိကြောင်း လက်မှတ်ရောင်းချသူ တစ်ဦးက ပြောကြားသည်။

လက်ရှိစက်သုံးဆီအခက်ခဲကြောင့် လက်မှတ်ဝယ်ယူထားပြီး အဝေးပြေးခရီးများရပ်နားလိုက်ပါက ယာဉ်လက်မှတ်တန်ဖိုးများကိုပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်းအဝေးပြေးယာဉ်လိုင်းများက ထုတ်ပြန်ထားသည်။

 

“ ဒီကာလတွေက မဖြစ်မနေခရီးသွားကြတဲ့သူတွေများတယ်။ လက်မှတ်ဈေးလည်းကြီးသေးတယ်။ ကားမထွက်နိုင်လို့ ပိုက်ဆံပြန်ပေးတာမဟုတ်သေးဘူး။ သင်္ကြန်ပိတ်ရှည်ပဲရှိတာ အိမ်ပြန်ကြတဲ့သူတွေများတယ်။ အိမ်ပြန်ဖို့လက်မှတ်ဝယ်ထားပြီး ကားမထွက်ဆိုရင် နောက်တစ်ကားလက်မှတ်ဝယ်ဖို့အချိန်မရှိတော့ဘူး။ လက်မှတ်ရောင်းပြီးတော့သေချာပေါက်ကားထွက်စေချင်တယ်။ မဟုတ်ရင်နစ်နာတယ် ” ဟု ကျောက်ပန်းတောင်းဇာတိ စာရင်းကိုင်အမျိုးသမီးတစ်ဦးက ဆိုသည်။

 

လက်ရှိအဝေးပြေးယာဉ်လိုင်းဈေးနှုန်းများမှာ ရန်ကုန် – နေပြည်တော်ကားလက်မှတ် ကျပ် ၅၀,၀၀၀၊ ရန်ကုန် – မန္တလေးကားလက်မှတ် ၅၅,၀၀၀ ၊ ရန်ကုန် – ပြင်ဦးလွင်ကားလက်မှတ် ၅၅,၀၀၀ ဖြစ်ပြီး အချိန်မရွေးဈေးထပ်တက်နိုင်သေးကြောင်း ၎င်းကပြောကြားသည်။

 

စက်သုံးဆီအခက်အခဲမပေါ်ခင်ကတည်း အဝေးပြေးယာဉ်လိုင်းအချို့သည် ကားလက်မှတ်ဈေးတက်ထားပြီးနောက် ဆီအကန့်အသတ်ဖြင့်ဝယ်ရချိန်တွင် နှစ်ကြိမ်ထပ်မံဈေးတက်ကြောင်း ခရီးသည်တစ်ဦးက ဆိုသည်။

“ မန္တလာမင်းနဲ့ ရန်ကုန်ဆင်းဖို့လက်မှတ်ကြိုဝယ်ထားတာ ၃၆,၀၀၀နဲ့ ဒီလဆန်းကပဲ။ စီးရမယ့်ရက်မတိုင်ခင် ၄၂၀၀၀ ဖြစ်မယ်လို့ဖုန်းဆက်တယ်။ ရန်ကုန် – ပြင်ဦးလွင်အတွက် တကယ်စီးရမယ့်ရက်ကျတော့ လက်မှတ်ခ ၅၅၀၀၀ ဖြစ်သွားပြီလို့ဖုန်းဆက်တယ်။ အဲဒါပိုက်ဆံထပ်ပေးမှာလား။ ခရီးစဉ်ဖြတ်မှာလားပေါ့။ ကိစ္စရှိလို့သွားရမှာလေ ဘယ်ဖြတ်လို့ရမလဲ။ ပိုက်ဆံထပ်ပေးရတာပေါ့။ ဒီလောက်ခက်ခဲနေတဲ့ကြားထဲ ခရီးသည်တွေဘက်လည်းစာနာပေးပါအုံး” ဟု ခရီးသည်အမျိုးသမီးတစ်ဦးက ဆိုသည်။

 

လာမည့်သင်္ကြန်ရုံးပိတ်ခရီးစဉ်အတွက် JJ Express ယာဉ်လိုင်းသည် ဧပြီ ၁ ရက်နေ့တွင်( ဧပြီ ၉ ရက်မှ ၁၃ ) ရက်နေ့ အထိခရီးစဉ်အများအတွက်လက်မှတ်ရောင်းချပေးသွားမည်ဖြစ်၍ ဧပြီ ၃ ရက်နေ့တွင် ( ဧပြီ ၁၈ ရက်မှ ၂၁ ရက်) နေ့အထိကားလက်မှတ်များကိုရက်ခွဲခြားရောင်းချပေးမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

 

မန္တလာမင်းခရီးသည်ယာဉ်လိုင်းက သင်္ကြန်ရက်များအတွင်ကားလက်မှတ်များကို အဝေးပြေးကား လက်မှတ်အရောင်းကိုယ်စားလှယ်များထံဖြန့်ဝေရောင်းချခြင်းမရှိဘဲ မန္တလာမင်းအဝေးပြေးယာဉ်လိုင်းဂိတ်တွင် ကိုယ်တိုင်ဝယ်ယူရမည်ဖြစ်ကြောင်း လက်မှတ်ရောင်းသူအမျိုးသမီးတစ်ဦးက ပြောကြားသည်။

 

ထို့ပြင်အဝေးပြေးယာဉ်လိုင်းများသည် စက်သုံးဆီအခက်အခဲကြောင့် ဆီရရှိမှုအပေါ်မူတည်ပြီး ယာဉ်အစီးလျော့ချပြေးဆွဲများဖြစ်ပေါ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ခရီးဝေးပြေးဆွဲနေသော ဘတ်စ်ကားများ၊ ခရီးသည်ယာဉ်( နံပါတ်အနီ) မော်တော်ယာဉ်များကို ကိုတာသတ်မှတ်ချက်မရှိဘဲ ယာဉ်စွမ်းအင်ပမဏအလိုက်သတ်မှတ်စက်သုံးဆီလီတာအတိုင်း စကန်ဖတ်ဝယ်ယူနိုင်မည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ လူမှုကွန်ရက်