ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ၏ ဒုတိယဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သည့် ကျောင်းသားခေါင်းဆောင် ကိုလင်းထက်နိုင်(ခ)ဂျိမ်းသည် ယနေ့ ဧပြီ ၁ ရက်နေ့တွင် မြောင်းမြထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန် ၁၈ ရက်နေ့က ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုလင်းထက်နိုင်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ-၅၀၅(က)၊ အကြမ်းဖက် မှု ဥပဒေ ပုဒ်မ-၅၀(ည) တို့ဖြင့် ထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့သည်။
“ဂျိမ်း ဒီနေ့လွတ်လာပါပြီ” ဟု ဇနီးဖြစ်သူ ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည့် မဖြိုးဖြိုး အောင်က သူမ၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးခဲ့သည်။
ကိုလင်းထက်နိုင်သည် လွတ်ရက်စေ့သည့်အတွက် ပြန်လွတ်လာခြင်းဖြစ်ကြောင်း သိရပြီး စစ်ကော် မရှင်က ၅၀၅ ပုဒ်မများကို ပယ်ဖျက်ရာတွင် ကိုလင်းထက်နိုင်လည်းပါဝင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာတွင်ဖြစ်ပွားခဲ့သည့် အင်းစိန်ထောင်ရှေ့ပေါက်ကွဲမှုဖြစ်စဉ်တွင် ကိုလင်းထက်နိုင်အား ထောင်ဝင်စာပေးပို့ရန်ရောက်နေသည့် မိခင်ဒေါ်ကြည်ကြည်မြင့်လည်း သေဆုံး ခဲ့ရသည်။
ကိုလင်းထက်နိုင်သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလ နောက်ပိုင်းမှစ၍ နိုင်ငံရေးလှုပ်ရှား မှုများကြောင့် အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်သည်။
ဓာတ်ပုံ – Phyoe Phyoe Aung