ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်

​ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် သင်္ကြန်ပွဲတော်ကျင်းပရန် အကြောင်းပြကာ စစ်ကော်မရှင်ခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက လောင်းကစားဒိုင်များနှင့် အရက်ဆိုင်ဖွင့်လှစ်ထားသူများထံမှ ငွေကြေးနှင့် မြန်မာဘီယာတစ်ဖာစီအဓမ္မလိုက်လံကောက်ခံနေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

​မတ်လ ၃၀ ရက်နေ့က တောင်ဒဂုံမြို့နယ်ရှိ ရပ်ကွက်အချို့တွင် အုပ်ချုပ်ရေးမှူး၏ လက်အောက်ခံဖြစ်သည့် ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများက သင်္ကြန်အတွက်ဟုဆိုကာ ငွေကြေးနှင့်ဘီယာများကို လိုက်လံကောက်ခံနေခြင်းဖြစ်သည်။

​”မြေပြင်မှာ လိုက်ကောက်နေတာက ရာအိမ်မှူးတွေနဲ့ ဆယ်အိမ်မှူးတွေပါ။ သင်္ကြန်အတွက်ဆိုပြီး တစ်ဆိုင်ကို ငါးသောင်းနှုန်း လိုက်တောင်းနေတာ။ တစ်ချို့ဆိုင်ကြီးတွေက ဘီယာရော ပိုက်ဆံပါပေးရတယ်” ဟု ဆိုင်ရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မြန်မာဘီယာအမျိုးအစားမရှိ၍ အခြားဘီယာများဖြင့် အစားထိုးပေးသည်ကိုလည်း လက်မခံဘဲ ဘီယာနှင့်တန်ဖိုးတူ ‌ငွေကြေးများကိုသာတောင်းယူကြောင်း ဆိုင်ရှင်များကပြောသည်။

​ထို့ပြင် နှစ်လုံး၊ သုံးလုံး လောင်းကစားဒိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ပလုံဆိုင် (ဘော်တယ်ဆိုင်) များထံမှလည်း သင်္ကြန်အတွက်ဟုဆိုကာ တစ်ဆိုင်လျှင် ငွေကျပ်ငါးသောင်းနှုန်းတောင်းယူကြောင်း ဒေသခံများကပြောသည်။

သင်္ကြန်အကြောင်းပြ၍ အဆိုပါလုပ်ရပ်များကို ဆိုင်ရှင်အချို့က ကျေနပ်မှုမရှိ၍ စစ်ကော်မရှင် အသိပေးတိုင်းကြားမည်ဟု ပြောဆိုမှုများရှိသည်။

စစ်ကော်မရှင်က နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်နေရာအချို့တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်အတွက်ဟုဆို စစ်ကော်မရှင်လက်အောက်ခံများက စီးပွားရေးလုပ်ငန်းရှင်မျာထံက ငွေကြေးကောက်ခံမှုများ စတင်ပြုလုပ်နေကြောင်း လုပ်ငန်းရှင်းများထံကသိရှိရသည်။

ဓာတ်ပုံ-စစ်ကော်မရှင်ပြုလုပ်ခဲ့သည့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်(ပုံဟောင်း)