ဧရာ၀တီတိုင်းမ်
မတ် ၃၁ ရက်

 

အာဏာသိမ်းစစ်ကောင်စီ၏တပ်စခန်းများကို ထိရောက်စွာတိုက်ခိုက်နိုင်ရေးအတွက် ဝရဇိန် PDF တပ်ဖွဲ့က အဆင့်မြင့်ဒရုန်းသင်တန်းတစ်ခုကို ၂ လတာသင်ကြားပို့ချခဲ့ပြီး မတ်လ ၂၉ ရက်နေ့တွင် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

လွတ်မြောက်နယ်မြေတနေရာတွင်ပြုလုပ်သည့် အဆိုပါဒရုန်းသင်တန်းတွင် ဒရုန်းတပ်ဆင်ခြင်း၊ ပြုပြင်ထိမ်းသိမ်းခြင်း၊ ထိမ်းကြောင်းမောင်းနှင်ခြင်းနှင့် အတားအဆီးတွေ ကျော််််််််ဖြတ်ပြီး ပစ်မှတ်ကို တိုက်ခိုက်ခြင်းနည်းလမ်းများကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

“ဒရုန်းသင်တန်းကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလကစတင်ပြီး ၂ လကြာ ပို့ချခဲ့တာပါ။ အဓိကကတော့ ရန်သူ စစ်ကောင်စီတပ်စခန်းတွေကို ထိထိရောက်ရောက် တိုက်ခိုက်ချေမှုန်းနိုင်ဖို့နဲ့ ကျွန်တော်တို့ မဟာမိတ် တပ်ဖွဲ့အသီးသီးမှာ ဒရုန်းတပ်တွေ အင်အားကောင်းစွာတည်ရှိပြီး စစ်ဆင်ရေးတွေမှာ ထိရောက်စွာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ပါတယ်”ဟု ဝရဇိန် PDF တပ်ရင်းမှူးနှင့် သင်တန်းဆရာဖြစ်သူ ရဲဘော်စစ်နိုင်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

အဆိုပါသင်တန်းသို့ ဝရဇိန် PDF တပ်ဖွဲ့အပြင် လွိုင်ကော် Local PDF၊ ဧရာ၀တီပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့ – ASDF နှင့် ပြည်သူ့တော်လှန်ရေးအင်အားစု – PRF တပ်ဖွဲ့မှရဲဘော်များ တက်ရောက်သင်ယူခဲ့ကြောင်း သိရသည်။