နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရာဇဝတ်မှုများကို နေ့စဉ်ကျူးလွန်ကာ “သမ္မတအိမ်မက်” ကို ပုံဖော်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းတို့ကျင်းပခဲ့သော ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် “ရွေးတုလွှတ်တော်” မှတစ်ဆင့် သမ္မတနေရာကို ရယူတော့ မည်ဖြစ်သည်။
စစ်ခေါင်းဆောင်သည် သမ္မတနေရာအတွက် ၁၅ နှစ်တိုင် ဆုပ်ကိုင်ထားသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နေရာကို လူယုံတော် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား လွှဲပြောင်းပေးခဲ့ပြီး ယနေ့ မတ်လ ၃၁ ရက်တွင် ပြုလုပ်သည့် ရွေးတုလွှတ်တော် (ပြည်သူ့လွှတ်တော်အစုအဖွဲ့) မှ တင်သွင်းလာသော ထောက်ခံမဲအများဆုံးရ ဒုသမ္မတတစ်ဦး ဖြစ်လာပြီဖြစ်သည်။
စစ်ခေါင်းဆောင်နှင့်အတူ ဒုတိယသမ္မတများအဖြစ် ရွေးချယ်ခံရသူများမှာ စစ်အုပ်စု၏ လက်ဝေခံ များသာ ဖြစ်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ တင်သွင်းသည့် ဒုတိယသမ္မတမှာ စစ်ခေါင်း ဆောင်၏ အယုံကြည်ရဆုံး တပည့်ရင်းဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ညိုစော ဖြစ်သည်။

ဒုတိယသမ္မတ (၁) နေရာကို ရယူမည့် ဗိုလ်ချုပ်ကြီးဟောင်း ညိုစောသည် စစ်တက္ကသိုလ် အပတ်စဉ် (၂၃) ဆင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့ဝင်၊ စစ်တပ်ပိုင် MEC နှင့် အင်းဝဘဏ်ဥက္ကဋ္ဌ တာဝန်များအပြင် ရုရှားမှ စက်သုံးဆီဝယ်ယူရေးကို အဓိကကိုင်တွယ်ခဲ့သူ ဖြစ်သည်။
အမျိုးသားလွှတ်တော်အစုအဖွဲ့မှ တင်သွင်းသည့် ဒုတိယသမ္မတမှာ ကြံ့ခိုင်ရေးပါတီ၏ ကရင်ပြည် နယ်ဥက္ကဋ္ဌ ဒေါ်နန်းနီနီအေး ဖြစ်သည်။ ဒေါ်နန်းနီနီအေးကို တိုင်းရင်းသားကိုယ်စားပြုအဖြစ် အမည်ခံ ရွေးချယ်ခဲ့ခြင်းဖြစ်ကာ ဒုတိယသမ္မတ (၂) ဖြစ်လာမည်ဟု သိရသည်။
ဒေါ်နန်းနီနီအေးသည် ထင်ပေါ်ကျော်ကြားသူ မဟုတ်သော်လည်း ကရင်ပြည်နယ်တွင် ပြီးခဲ့သော ၂၀၁၅ ၊ ၂၀၂၀ အပြင် လက်ရှိ ၂၀၂၅ ရွေးကောက်ပွဲများ၌ သုံးကြိမ်တိုင်တိုင် ကြံ့ခိုင်ရေးပါတီမှ ဝင်ပြိုင်ရာတွင် အနိုင်ရ အမတ်တစ်ဦးဖြစ်သည်။
စစ်အုပ်စု၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတ၊ ဒုသမ္မတများ တင်မြှောက်ရာ၌ တိုင်းရင်းသား ကိုယ်စားပြု ဒုသမ္မတတစ်ဦး ထည့်သွင်းလေ့ရှိပြီး လက်ရှိတွင် ဒေါ်နန်းနီနီအေးကို ရွေးချယ်လိုက်သော ကြောင့် အမျိုးသမီး ဒုသမ္မတ ဖြစ်လာမည်ဖြစ်သလို စစ်ခေါင်းဆောင် စီစဉ်မှုအတိုင်းဖြစ်ကြောင်း စစ်လော်ဘီများက ဆိုကြသည်။

ထို့ကြောင့် ဒေါ်နန်းနီနီအေးသည် မြန်မာ့သမိုင်းတွင် ပထမဆုံးသော အမျိုးသမီးဒုသမ္မတ ဖြစ်လာမည်ဖြစ်ပြီး ၎င်းသည် စစ်အုပ်စုနှင့် အလွန်နီးစပ်ကာ စစ်ခေါင်းဆောင်ကို လေးစားကြည်ညိုသူ အဖြစ် လူသိများသည်။
စစ်ခေါင်းဆောင်သည် သမ္မတရာထူးကို ရယူရုံတင်မကဘဲ ၎င်းကိုယ်တိုင် ပြင်ဆင်ပြဋ္ဌာန်းလိုက်သော အမည်ခံအစိုးရ၏ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ နေရာကိုပါ ပူးတွဲရယူသွားနိုင်ကြောင်း စစ်တပ်အသိုင်း အဝိုင်းနှင့် စစ်လော်ဘီများ၏ အဆိုအရ သိရသည်။
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥက္ကဋ္ဌသည် သမ္မတ၏အထက်တွင် ရှိနေမည်ဖြစ်သဖြင့် အာဏာကို အကြွင်းမဲ့ချုပ်ကိုင်ထားရန် ကြိုတင်စီစဉ်ထားခြင်း ဖြစ်သည်။
လာမည့် ဧပြီလဆန်းတွင် ဖွဲ့စည်းမည့် အမည်ခံအစိုးရအဖွဲ့၌ လက်ရှိဒုသမ္မတ သုံးဦးအနက်မှ သမ္မတ တစ်ဦးကို တင်မြှောက်ရမည်ဖြစ်ရာ လူယုံတော် ညိုစောနှင့် လက်ဝေခံ ဒေါ်နန်းနီနီအေးတို့မှာ စစ်ခေါင်းဆောင်ကို ကျော်လွန်၍ သမ္မတဖြစ်လာရန် အလားအလာ လုံးဝမရှိကြောင်း နိုင်ငံရေးလေ့လာ သူများက သုံးသပ်သည်။
ဓာတ်ပုံ-MOI