ဧရာ၀တီတိုင်းမ်
မတ် ၃၁ ရက်

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ် (MNDAA) ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင် သုံး ဦး၏ ရုပ်အလောင်းများကို ၎င်းတို့ ဖမ်းဆီးခံခဲ့ရသည့် နေရာအနီး၌ပင် ပြန်လည်တူးဖော်တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ကွတ်ခိုင်မြို့မှ တာမိုးညဲသို့ သွားသည့်လမ်းပေါ်ရှိ နမ့်ဟူးကျေးရွာအနီးမှ TNLA တပ်စခန်း ဟောင်းတစ်ခုတွင် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် ရွာခံများက သွားရောက်တူးဖော်ရာမှ အဆိုပါ ရုပ်အလောင်း သုံး လောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

သတ်ဖြတ်ခံရသူများသည် TNLA တပ်ဖွဲ့ဝင်များဖြစ်သည့် ကိုအိုက်ဆမ်၊ ကိုအောင်မြက်နှင့် ကိုအိုက်ခမ်း တို့ ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများက အတည်ပြုထားသည်။ အဆိုပါ ရုပ်အလောင်းများကို ပစ်သတ်ပြီးနောက် ပန်ကာမြေကတုတ်ကျင်းတစ်ခုအတွင်း မြှုပ်နှံထားသည့် အနေအထားဖြင့် တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကွတ်ခိုင်တိုက်ပွဲတုန်းက အင်တာနက်ပေါ်မှာ ပျံ့နေတဲ့ ဗီဒီယိုဖိုင်ထဲက ဖမ်းခံထားရတဲ့ သုံး ယောက်ပါ။ အဲဒီလူတွေကို ကိုးကန့်တပ်က ပစ်သတ်သွားခဲ့တာ။ မနေ့ကမှ ရွာခံတွေ သွားတူးကြည့်တော့မှ ရုပ်အလောင်းတွေကို ပြန်တွေ့တာ” ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ TNLA တပ်ဖွဲ့ဝင် သုံးဦး ဖမ်းဆီးခံရသည့် ရုပ်သံဖိုင်သည် MNDAA က TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို အလစ်အငိုက် ဝင်ရောက်စီးနင်းပြီးနောက် မတ်လ ၁၅ ရက်နေ့တွင် လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ ယခု ရုပ်အလောင်းများ ပြန်လည်တူးဖော်ရရှိသည့် နေရာမှာလည်း ဗီဒီယိုဖိုင် ထဲတွင် ဖမ်းဆီးခံရသည့် နေရာနှင့် တစ်ထပ်တည်းဖြစ်နေကြောင်း TNLA နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

 

MNDAA တပ်ဖွဲ့သည် ကွတ်ခိုင်မြို့ကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းစဉ်အတွင်း TNLA တပ်ဖွဲ့ဝင် ရာနှင့်ချီကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော်လည်း ၇၀ ကျော်သာ ပြန်လည်လွတ် မြောက်လာ ခဲ့ပြီး အများအပြားမှာ ယနေ့တိုင် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

 

ပြန်လည်လွတ်မြောက်လာသူများထဲတွင် အဆိုပါ ဗီဒီယိုဖိုင်ပါ တပ်ဖွဲ့ဝင်သုံး ဦး ပါဝင်လာခြင်းမရှိသည့် အတွက် မိသားစုဝင်များက စိုးရိမ်နေစဉ် ယခုကဲ့သို့ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ-CJ