ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်

ဧရာဝတီတိုင်းသည်စိုက်ပျိုးရေးတောင်သူလုပ်ငန်းအများဆုံးရှိရာနေရာဖြစ်သည့်အတွက် စက်သုံးဆီအခက်အခဲကိုဖြေရှင်းပေး ရန်လိုအပ်ကြောင်း အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့် ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌ ဦးသိန်းထွန်းက ပြောကြားလိုက်သည်။

လက်ရှိတွင် တောင်သူများသည် စက်သုံးဆီလိုအပ်ချက်ကို ကိုယ်တိုင်ရှာဖွေဖြေရှင်းနေရကာ ဒီဇယ်တစ်ဂါလံ ကျပ် လေးသောင်းမှ ခြောက်သောင်းကြားရှိပြီး လိုအပ်ချက်အတိုင်းဝယ်ယူနေရကြောင်း ဧရာဝတီတိုင်းမှ လယ်သမားအချို့ထံမှသိရသည်။

“ ဧရာဝတီတိုင်းမှာတောင်သူများစုဖြစ်တဲ့အတွက် အောက်ရေတင်ဖို့ ရိတ်သိမ်းဖို့နဲ့ လုပ်ငန်းတွေအတွက် စက်သုံးဆီအခက်အခဲမရှိစေဖို့ပြင်ထားပေမယ့်အချို့ဒေသမှာ အောက်ခြေအဆင့်ထိရောက်ဖို့ အခက်အခဲရှိ တာတွေ့ရတယ်” ဟု ဦးသိန်းထွန်းက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းတွင် စက်သုံးဆီဝယ်ယူမရသဖြင့် လယ်ယာလုပ်ငန်းဆက်လက်မလုပ်ကိုင်နိုင်ကြောင်း၊ စပါးတင်းရာချီရောင်းလျှင်တောင် စက်သုံးဆီတစ်ပေပါမရကြောင်း စပါးစိုက်တောင်သူတစ်ဦးက လူမှုကွန်ရက်တွင်တင်ခဲ့ရာ ပြည်သူများအကြားပျံ့နှံ့မှုများခဲ့သည်။

ဧရာဝတီတိုင်းတွင် စက်သုံးဆီဝယ်ယူရရှိမှုအခက်အခဲများဖြစ်ပေါ်နေပြီး စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် စပါးရိတ်သိမ်းရာတွင် ရိတ်သိမ်းခမြင့်သည့်အပြင် ခရီးသွားလာရေးတွင်လည်း ယာဉ်စီးခဈေးကြီးမှုများအပါအဝင် အထွေထွေကုန်စည်ဈေးနှုန်းများမြင့်တက်နေသည်။

စက်သုံးဆီဈေးကွက်တွင် နေရာဒေသလိုက်ပြီးဈေးအနည်းဆုံးအဖြစ် ဆီတစ်ပေါ ကျပ် ၂၆ သိန်း၊ ဆီတစ်ဂါလံ ကျပ် ငါးသောင်းနှင့် ဆီတစ်လီတာ ကျပ် ၁၂,၀၀၀ ပတ်ဝန်းကျင်ရှိကြောင်း စုံစမ်းသိရသည်။


ဓာတ်ပုံ – လူမှုကွန်ရက်