ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား ကာကွယ်ရေးဦးစီးချုပ်ရာထူး လွှဲပြောင်းပေးအပ်မှု အခမ်းအနားကို အောင် မြင်စွာကျင်းပခဲ့သည်ဟု သိရသဖြင့် ဝမ်းမြောက်ကြောင်း “၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ ဂုဏ်ပြုလွှာပေးပို့ခဲ့သည်။

အနားယူသွားသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ တာဝန်များကို အောင်မြင်ပြီးမြောက်စွာ ဆောင်ရွက်ခဲ့သလို အသစ်တက်လာသော တပ်ချုပ်ကိုလည်း စိတ်ရင်းမှန်ဖြင့် ဂုဏ်ပြုကြောင်း “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မြန်မာနိုင်ငံ အထူးဒေသ ၂၊ “ဝ” ပြည်သူ့အစိုးရအဖွဲ့ ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကျန်းမာရေးကောင်းမွန်ပါစေ၊ တာဝန်များတွင် အောင်မြင်ပါစေ၊ ဆက်လက်၍ ကြိုးပမ်းအားထုတ်မှု များ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်” ဟုလည်း UWSA က ဆိုထားသည်။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ဦးဆောင်မှုအောက် အမျိုး သားကာကွယ်ရေးတပ်ဖွဲ့များသည် ၎င်းတို့ရည်မှန်း ချက်ကို ဆက်လက်ထိန်းသိမ်းကာ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး အမျိုးသားလုံခြုံရေး ကာကွယ်ရေးစည်းမျဉ်းအား အဆက်မပြတ် အားကောင်းစေကာ နိုင်ငံ၏ ရေရှည်တည်ငြိမ်မှု၊ ကြွယ်ဝချမ်းသာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်စောင့်ရှောက်သွားမည်ဟု ယုံကြည်ကြောင်းလည်း UWSA က ထုတ်ပြန်ထားသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လတ်တလောတွင် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ရာထူး တိုးထားသူ ၎င်း၏လူယုံ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ယမန်နေ့ မတ် ၃၀ ရက်က တပ်ချုပ်တာဝန်များ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။