ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ မတ် ၃၁ ရက်

 

ထိုင်းနိုင်ငံတွင် သက်ငယ်မုဒိန်းမှုကျူးလွန်ကာ မြန်မာနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလာသည့် မြန်မာ နိုင်ငံသားတစ်ဦးကို ပြီးခဲ့သည့် မတ် ၂၇ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တစ်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

စောကလဲ အသက် ၃၇ နှစ်သည် ၂၀၂၅ ၊ ဇွန်လအတွင်းက ထိုင်းနိုင်ငံ၊ ဖက်ဘူရီခရိုင်၌ သက်ငယ် မုဒိန်းမှုကျူးလွန်ကာ မြန်မာနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ခြင်း ဖြစ်သည်။

ထိုင်းအာဏာပိုင်များ၏ တော်လှန်ရေးတပ်ဖွဲ့များထံ သတင်းပေးပို့ အကူညီတောင်းခံချက်အရ စုံစမ်း ရှာဖွေနေခဲ့ပြီးနောက် တနင်္သာရီတိုင်းစစ်ဌာန၏ ထောက်လှမ်းရေးအရာရှိ၊ နည်းဗျူဟာ(၃၅) ထောက်လှမ်းရေးအဖွဲ့၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၂၊ ၃ ထောက်လှမ်းရေး တာဝန်ခံများ၊ KNLA တပ်ရင်း-၁၁ နှင့် မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 

ဖမ်းဆီးရမိသည့် သက်ငယ်မုဒိန်းမှုကျူးလွန်ခဲ့သူ တရားခံကို မတ် ၂၈ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်တစ်‌ နေရာ၌ တရားခံနှင့်တကွ သက်သေခံပစ္စည်းများကို ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲရေးမှူး ရဲ‌ဘော်စတားမှ ဖမ်းဆီးရရှိမှုဖြစ်စဉ် နှင့် တရားခံ၏ ထွက်ဆိုချက်များကို ထိုင်းအာဏာပိုင်များထံ ရှင်းလင်းပြောပြခဲ့ပြီး အမှတ်(၃၅)နည်းဗျူဟာမှူး ရဲဘော်ကျော်ထင်အောင်၊ ကရင်အမျိုးသားအစည်းအရုံး(KNU) မြို့နယ်ရဲမှူးတို့က စာရွက်စာတမ်း များနှင့်တကွ တရားခံကို ထိုင်းအာဏာပိုင်များထံသို့ တရားဝင်လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ-တနင်္သာရီတိုင်းစစ်ဌာန_ပြန်ကြားရေး