ဧရာ၀တီတိုင်းမ်
မတ်လ ၃၁ ရက်

 

စစ်ကော်မရှင်က ခင်းကျင်းထားသည့် တရားမဝင် အတုအယောင်ရွေးကောက် ပွဲမှတစ်ဆင့် ပေါ်ပေါက် လာသော “ရွေးတုလွှတ်တော်” ၏ ဒုတိယသမ္မတလောင်းများ ရွေးချယ်ပွဲကို ယနေ့ မတ်လ ၃၁ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဒေါ်နန်းနီနီအေးတို့မှာ ဒုတိယသမ္မတ များအဖြစ် ရွေးချယ်ခံခဲ့ရသည်။

 

ပြည်သူ့လွှတ်တော်အတွင်း ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခံထားရသူ နှစ်ဦး ဖြစ်သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါက်တာကျော်ဆွေတို့ကို မဲခွဲဆုံးဖြတ်ရာတွင် စစ်ခေါင်းဆောင်က ဒေါက်တာကျော်ဆွေကို မဲအပြတ်အသတ်ဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

အလားတူ အမျိုးသားလွှတ်တော်အစုအဖွဲ့အတွက် ဒုတိယသမ္မတလောင်းများအဖြစ် ကရင်ပြည်နယ် အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ်မှ ဒေါ်နန်းနီနီအေးနှင့် ကချင်ပြည်နယ် PR မဲဆန္ဒနယ်မှ ဒေါက်တာ မနာမ်တူးဂျာတို့ကို ဆန္ဒမဲပေး ရွေးချယ်ခဲ့ရာ ဒေါ်နန်းနီနီအေးက ထောက်ခံမဲ ၁၁၇ မဲ ရရှိခဲ့သည့်အတွက် အမျိုးသားလွှတ်တော်အစုအဖွဲ့၏ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။

 

ယနေ့ ရွေးချယ်ခံရသည့် ဒုတိယသမ္မတ နှစ်ဦးနှင့် တပ်မတော်သားအစုအဖွဲ့မှ တင်သွင်းမည့် ဒုတိယသမ္မတ တစ်ဦး၊ စုစုပေါင်း သုံးဦးထဲမှ သမ္မတတစ်ဦးကို ရွေးတုပြည်ထောင်စုလွှတ်တော်တွင် ဆက်လက် အတည်ပြုသွားရန် ရှိသည်။