ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်

 

နွေဦးတော်လှန်ရေးကို အရှိန်အဟုန်မြှင့်တင်ပြီး အမြန်ဆုံးအောင်ပွဲရယူနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် “K3C” မဟာမိတ်အဖွဲ့များဖြစ်ကြသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပူးပေါင်းကာ ယမန်နေ့ မတ် ၃၀ ရက်၊ ညပိုင်းတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို ဖွဲ့စည်းလိုက်သည်။

 

လက်ရှိ တော်လှန်ရေးအခြေအနေကို တစ်ဆင့်တက်လှမ်းကာ အသွင်ကူးပြောင်းမှုကာလ အစီအမံ များကို အတည်ပြုရန်၊ အသွင်ကူးပြောင်းရေးအစိုးရတစ်ရပ် အောင်မြင်စွာ ဖွဲ့စည်းနိုင်ရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင် အထည် ဖော်ရန်အတွက် စစ်ရေး၊ နိုင်ငံရေးနှင့် ဖက်ဒရယ်ရေးရာကိစ္စရပ်များကို ညှိနှိုင်း ဦးဆောင် လမ်းညွှန် သွားရန် SCEF ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

SCEF ကို ပြည်နယ်/ဖက်ဒရယ်ယူနစ်/ERO ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်နှင့် အမျိုးသမီး ကိုယ်စားလှယ်များမဏ္ဍိုင်တို့ဖြင့် အခြေခံဖွဲ့စည်းထားခြင်းဖြစ်သည်။

စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်ကိုမဆို အမြစ်ပြတ်ဖယ်ရှားရန်မှာ SCEF ၏ အဓိကမျှော်မှန်းချက်နှင့် မဟာဗျူဟာမြောက် ရည်မှန်းချက်ဖြစ်ကြောင်း ယမန်နေ့ညပိုင်းက အွန်လိုင်းမှ တစ်ဆင့် ပြုလုပ်သည့် ကနဦးဖွဲ့စည်းခြင်းနှင့် ထုတ်ပြန် ကြေညာခြင်း အခမ်းအနားတွင် တာဝန်ရှိ သူများက ပြောကြားခဲ့သည်။

 

ယခုဖွဲ့စည်းမှုသည် နိုင်ငံရေးရည်မှန်းချက်များကို လက်တွေ့ကျကျနှင့် ထိရောက်စွာ အကောင် အထည်ဖော်နိုင်မည့် နိုင်ငံရေးအခင်းအကျင်းသစ်တစ်ခုအား စုစည်းညီညွတ်စွာ စတင်လိုက်ခြင်းဖြစ်ပြီး လူမျိုးပေါင်းစုံ၏ ကိုယ်ပိုင်လက္ခဏာများကို ကာကွယ်မြှင့်တင်ပေးမည့်၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့် အဝရှိသည့် ပြည်နယ်များဖြင့် စုဖွဲ့ထားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို ခိုင်မာစွာ တည်ဆောက်သွားရန် ရည်ရွယ်သည်။

 

အဆိုပါရည်မှန်းချက်များ အောင်မြင်စေရန် SCEF အနေဖြင့် ခိုင်မာသော နိုင်ငံရေးဦးတည်ချက် ခြောက် ရပ် ကို ချမှတ်ထားသည်။

အဆိုပါ ဦးတည်ချက်များမှာ ၁။ စစ်အာဏာသိမ်းမှုကို ဖယ်ရှား၍ စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင် ပတ်သက်နေမှုကို အပြီးတိုင် အဆုံးသတ်ရန်၊၂။ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဒီမိုကရေစီ နည်းကျ ရွေးကောက်တင် မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်တွင် အပြည့် အဝထားရှိရန်၊ ၃။ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်၊ ၄။ သက်ဆိုင်သူအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန်၊ ၅။ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုသစ် တည်ဆောက်ရန်၊ ၆။ ပဋိပက္ခ အတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဆိုင်ရာ လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန် တို့ဖြစ်သည်။

 

ထို့ပြင် အချုပ်အခြာအာဏာကို ပြည်နယ်/ဖက်ဒရယ်ယူနစ်များရှိ ပြည်သူလူထုက ပိုင်ဆိုင်ပြီး “မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ” (Shared Sovereignty) မူကို ကိုင်စွဲသွားမည်ဖြစ်သည်။ နိုင်ငံရေးဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်း EROs၊ တော်လှန်ရေးအင်အားစုများ၊ အမျိုးသမီး အစုအဖွဲ့များနှင့် ပြည်သူ့ကိုယ်စားလှယ်များ၏ သဘောထားများ ထင်ဟပ်ပါဝင်သည့် “စုပေါင်းခေါင်း ဆောင်မှု” ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန်၊ ထွက်ပေါ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်၊ ပဋိပက္ခ အတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်တို့လည်း ပါဝင်ကြောင်း သိရသည်။

 

SCEF ဖွဲ့စည်းခြင်း အခမ်းအနားသို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဂမ်ရှောင်၊ KIC ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ် ကြီးဂွန်မော်၊ KNU ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ CNF ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ KNPP / ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဥက္ကဋ္ဌ ခူဦးရယ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပြီး SCEF အဖွဲ့ဝင် ခေါင်းဆောင်များက ရှေ့ဆက်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။