ဧရာဝတီတိုင်းမ်
မတ် ၃၀ ရက်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တန့်ဆည်အချုပ်ထောင်တွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မသက်သက်မာသည် ဆေးကုသခွင့်လုံလောက်စွာမရရှိခဲ့သည့်အတွက် ပြီးခဲ့သည့် မတ် ၂၇ ရက်နေ့တွင် အချုပ်ခန်းတွင်း၌ပင် ကျဆုံးခဲ့ရကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသူ မသက်သက်မာ(၅၄ နှစ်)သည် အာဏာမသိမ်းခင်အချိန်ကတည်းက သွေးလေးဘက်နာရောဂါကို ပြင်းထန်စွာခံစားနေရသူတစ်ဦရဖြစ်ပြီး အချုပ်ထောင်အာဏာပိုင်များက ပြင်ပဆေးရုံတွင် ဆေးကုသခွင့်ကို ငြင်းဆန်ခဲ့သည့်အတွက် ဆေးကုသခွင့်လုံလောက်စွာမရရှိပဲ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မသက်သက်မာသည် မတ် ၂၇ ရက်၊ နံနက် ငါး နာရီတွင် အချုပ်ခန်းအတွင်း၌ ဆုံးပါးသွားခဲ့သော်လည်း စစ်ကော်မရှင်က နံနက် ကိုး နာရီမှ မိသားစုထံသို့အကြောင်းကြားခဲ့ပြီး ရုပ်အလောင်းကိုလည်း မိသားစုထံ ပြန်လည်ပေးအပ်ခြင်း မရှိခဲ့ကြောင်း သိရသည်။

“ပြင်ပမှာကတည်းက သွေးလေးဘက်နာကို ကုသနေရသူတစ်ဦးဖြစ်ပါတယ်။ အချုပ်ကိုရောက်တဲ့အခါမှာလည်း ဆေးဝါးတွေကို ကိုယ်တိုင်ဝယ်ပြီး သောက်သုံးနေရတာမျိုးဖြစ်တယ်။ ရောဂါပြင်းထန်လာတဲ့အချိန်မှာ ပြင်ပဆေးရုံပြသခွင့်ကို တောင်းခံခဲ့တယ်။ ဒါပေမဲ့သူတို့လက်မခံခဲ့ပါဘူး။ ဒါကြောင့်မို့လို့မသေဆုံးသင့်ပဲ သေဆုံးခဲ့ရတာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM) တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

နိုင်ငံရေးအကျဉ်းသူ မသက်သက်မာသည် ရွှေဘိုခရိုင် ထောက်ပို့တာဝန်ခံ စာရေးဆရာ ရန်ငြိမ်းသူ၏ ဇနီးဖြစ်ပြီး ၎င်းအား ရှာဖွေရာတွင် မတွေ့ရှိသဖြင့် သားဖြစ်သူနှင့်အတူ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းခံခဲ့ရသူ ဖြစ်သည်။

၎င်းကို စစ်ကော်မရှင်က ပုဒ်မ ၅၀၅(က)၊ ၅၀(ည) နှင့် ၅၂(က) တို့ဖြင့် ထောင်ဒဏ် ၂၀ နှစ်ချထားပြီး လက်ရှိသေဆုံးချိန်အထိ တန့်ဆည်အချုပ်ထောင်တွင် သုံးနှစ်ကျော်ကြာ အချုပ်ချထားကြောင်းလည်း သိရသည်။

“၅၂(က)ဆို နိုဝင်ဘာလမှာလွတ်မြောက်ရမှာဖြစ်ပြီးတော့ ၅၀(ည)တို့ဆိုတာ ပြီးခဲ့တဲ့နိုင်ငံတော်စီမံချက်ထဲမှာ ထုတ်ပြန်ချက်ထဲမှာ တရားဝင်လွတ်ရမဲ့ထဲမှာ ပါပါတယ်။ ဒါပေမဲ့ လွတ်ငြိမ်းရခဲ့တာမျိုးမရှိပါဘူး” ဟု PPNM တာဝန်ရှိသူက ဆက်လက်ပြောသည်။

PPNM အနေဖြင့်လည်း စစ်ကော်မရှင်၏ ယခုကဲ့သို့ အကျဉ်းသားအခွင့်အရေး ချိုးဖောက်မှုများ၊ ဆေးကုသခွင့် ပိတ်ပင်မှုများအပေါ်ပြင်းထန်စွာရှုံ့ချပြီး ကျန်ရှိနေသည့်နိုင်ငံရေးအကျဉ်းသားများ၏ အသက်ဘေးကင်းလုံခြုံရေးအတွက် နိုင်ငံတကာမှလည်း အလေးထားစောင့်ကြည့်ပေးကြရန် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – PPNM