‎ဧရာဝတီတိုင်းမ်
‎မတ် ၃၀ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ကော်မရှင်က နယ်မြေစိုးမိုးမှုရရှိနေကြောင်း ဝါဒဖြန့်ချိမှုများ ဆက်တိုက်လုပ်ဆောင်နေသော်လည်း မြေပြင်တွင်မူ ရှုံးနိမ့်မှုများနှင့်အတူ အရပ်သား နေထိုင်ရာ မြို့ရွာများကို ဒရုန်းများဖြင့် တိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ကျောက်ဖြူမြို့နယ်အတွင်းရှိ သိုင်းချောင်း၊ မင်းပြင်၊ ကြောင်ခို ချောင်းဖျား၊ ပျားချွိန်နှင့် ချောင်းမြောင်စသည့် ကျေးရွာများသို့ အဝင်အထွက်ပြကာ အဆိုပါနယ်မြေ များကို ပြန်လည်စိုးမိုးထားနိုင်ပြီဖြစ်ကြောင်း ဝါဒဖြန့်လျက်ရှိသည်။

သို့သော်လည်း မြေပြင်တွင်မူ ၎င်းတို့၏ ဒဏ်ရာရစစ်သားများကို စစ်တွေမြို့သို့ လျှို့ဝှက်ရွှေ့ပြောင်း နေရသည့်အပြင် အရပ်သားများကိုပါ နည်းပညာသုံး တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

“သူတို့က နယ်မြေစိုးမိုးထားတယ်လို့ ပြောနေပေမဲ့ တကယ်တမ်းကျတော့ ရွာတွေကို ဒရုန်းနဲ့ လိုက်ကြဲ နေတာပဲရှိတယ်။ ဒဏ်ရာရတဲ့သူတွေကိုလည်း စစ်တွေကို ခိုးပို့နေရတာ မြင်နေရတာပဲ” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဝါဒဖြန့်မှုများနှင့် ဆန့်ကျင်ဘက်အနေဖြင့် ကျောက်ဖြူအခြေစိုက် စစ်ကောင်စီတပ်စခန်းများမှ ဒဏ်ရာရရှိထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့် မတ် ၂၆ ရက်က စစ်တွေမြို့သို့ အရေးပေါ်ပို့ဆောင် ကုသနေရကြောင်း သိရသည်။

စစ်ကော်မရှင်ဘက်မှ နည်းပညာသုံး တိုက်ခိုက်မှုများကို ခပ်စိပ်စိပ် ပြုလုပ်လာရာ မတ် ၂၃ ရက်တွင် စနဲမြို့ကို အသေခံဒရုန်း လေးစင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သလို မတ် ၂၅ ရက်တွင်လည်း ကြတ္တိန်ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ထပ်မံဗုံးကြဲခဲ့သဖြင့် ဒေသခံရွာသားများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် စစ်ကော်မရှင်သည် ကျောက်ဖြူဒေသ၌ စစ်ရေးအရ ရှုံးနိမ့်မှုများကို ဖုံးကွယ်ရန်နှင့် ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်စေရန် သတင်းမှားများဖြင့် စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ် ခြင်းအပြင် ဒရုန်း၊ လက်နက် ကြီးနှင့် စစ်ရေယာဉ်များမှ လက်နက်ကြီး ပစ်ခတ်မှုများကို ပိုမိုလုပ်ဆောင် လာကြောင်း သိရသည်။