ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ မတ် ၃၀ ရက်

 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကြောင်ချောင်းကျေးရွာကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များအပါအဝင် အရပ်သား ခုနစ် ဦး သေဆုံးပြီး လေး ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ပလက်ဝမြို့နယ်အထက်ပိုင်း ကုလာတန်မြစ်ကမ်းဘေးတွင် တည်ရှိသည့် အဆိုပါကျေးရွာအတွင်း မည်သည့် လက်နက်ကိုင်အဖွဲ့မှမရှိသလို၊ စစ်ရေးလှုပ်ရှားမှုလည်း မရှိဘဲ စစ်ကော်မရှင်က ယမန်နေ့ မတ်လ ၂၉ ရက်၊ ညနေ ၄ နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာ နှစ်စင်း ဖြင့် လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

“ဂျက်ဖိုက်တာ နှစ်စီးနဲ့ သုံးကြိမ်လောက် လာကြဲသွားပြီး ရော့ကတ်နဲ့ပါ နှစ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ ရွာအစွန်ဘက်မှာ ဗုံးသီးတွေ ကျရောက်ပေါက်ကွဲခဲ့တာပါ” ဟု ပလက်ဝမြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၆ ဦးမှာ နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူ ငါး ဦးအနက် ပြင်းထန်ဒဏ်ရာရရှိထားသည့် တစ်ဦးမှာ ထပ်မံသေဆုံးသွားခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ခုနစ် ဦးရှိလာခြင်းဖြစ်သည်။

“ဗုံးကြဲတုန်းက အရပ်သား ခြောက် ယောက် ပွဲချင်းပြီး ဆုံးသွားတယ်။ အဲဒီထဲမှာ အသက် မပြည့်သေးတဲ့ လူငယ် လေးယောက်တောင် ပါတယ်။ ကလေးငယ်အပါအဝင် ငါး ယောက် ဒဏ်ရာရခဲ့ပြီး တစ်ယောက်က ထပ်ဆုံးသွားလို့ စုစုပေါင်း ခုနစ် ယောက် သေဆုံးခဲ့ရတာပါ” ဟု ဒေသခံတစ်ဦးက ဆက်လက်ပြောကြားသည်။

 

စစ်ကော်မရှင်သည် စစ်ရေးအရ ရှုံးနိမ့်မှုများရှိနေသည့် ဒေသများတွင် ယခုကဲ့သို့ စစ်ရေး ပစ်မှတ်မဟုတ်သည့် အရပ်သားကျေးရွာများကို လေကြောင်းမှတစ်ဆင့် ပစ်မှတ်ထားတိုက်ခိုက်မှုများ ပိုမို ပြုလုပ်လျက်ရှိသည်။