ဧရာဝတီတိုင်းမ်
မတ် ၃၀ ရက်
မန္တလေးမြို့တွင် လျှပ်စစ်မီးများ ပြတ်တောက်မှုကြောင့် မြို့ခံအနေဖြင့် အခက်အခဲမျိုးစုံ ကြုံနေ ရသော်လည်း စစ်ကော်မရှင်က ယခုနှစ် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဆိုလာရေတင်စနစ်များ အသုံးပြု ကာ ကျုံးပတ် လည်တွင် မဏ္ဍပ်ပေါင်း ၄၅ ခုဖြင့် ခမ်းခမ်းနားနား ကျင်းပရန် ပြင်ဆင်နေကြောင်း သိရသည်။
စစ်ကော်မရှင်သည် ယခင်နှစ်က စစ်ကိုင်းငလျင်အရှိန်ကြောင့် သင်္ကြန်ပွဲတော်ကို ဟန်ပြသာ ကျင်းပခဲ့ ရသဖြင့် ယခုနှစ်တွင် ဝါဒဖြန့်ချိရေးအတွက် ရည်ရွယ်ကာ ကျုံးပတ်လည်၌ မဏ္ဍပ်အကြီး ၁၇ ခုနှင့် မဏ္ဍပ်အသေး ၂၈ ခု၊ စုစုပေါင်း ၄၅ ခုကို အပြိုင်အဆိုင် တည်ဆောက်နေခြင်းဖြစ်သည်။ လက်ရှိတွင် မန္တလေးမြို့တော် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်မှာ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည်။
“မဏ္ဍပ်ဖွင့်ပွဲကို ကျောင်းသူအင်အား ၅၀၀ နဲ့ လှပျိုဖြူအင်အား ၄၀၀ စုစုပေါင်း အင်အား ၉၀၀ နဲ့ ခမ်းခမ်း နားနား ဆောင်ရွက်သွားမှာပါ” ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဌာနမှူး ဦးတင်ထွန်းဦး က ပြောကြားထားသည်။

စစ်ကော်မရှင်၏ ဝါဒဖြန့် သတင်းစာများတွင်မူ နွေရာသီ ဆည်ရေမျက်နှာပြင် လျော့နည်းမှု၊ သဘာဝဓာတ်ငွေ့ ရရှိမှု လျော့နည်းခြင်းနှင့် ပင်မဓာတ်အားလိုင်းများ ထိခိုက်ပျက်စီးမှုကြောင့်ဟု အကြောင်းပြကာ မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များကို အုပ်စု သုံးခုခွဲ၍ ၈ နာရီလာ၊ ၄ နာရီဖြတ် စနစ်ဖြင့် မတ်လ ၁၇ ရက်မှ စတင်ကာ အလှည့်ကျ လျှပ်စစ်မီး ပေးဝေနေသည်ဟု ဆိုသည်။
သို့သော် မြေပြင်တွင်မူ ၄ နာရီသာ မီးလာပြီး ၈ နာရီခန့် ပြတ်တောက်နေသည့် ရက်များက ပိုမို များပြား ကြောင်း မြို့ခံများထံမှ သိရသည်။
ထိုသို့ လျှပ်စစ်မီးများ ပြတ်တောက်နေသော်လည်း မော်တာရေတင်မည့်စနစ်ကို အသုံးပြုမည်ဖြစ်၍ သင်္ကြန်ကာလအတွင်း ရေလုံလောက်စွာ ပက်ဖျန်းနိုင်မည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီက ကြေညာထားသည်။
မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်သည် ယူနက်စကို (UNESCO) ၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာတွင် အသိအမှတ်ပြုခံထားရသည်။
စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုတစ်နှစ်ပြည့်ချိန်အထိ ပြန်လည်ထူထောင်ရေးကြိုးပမ်းနေရသော ငလျင် ဘေးဒဏ်ခံပြည်သူများအနေဖြင့် ယခုအခါ စက်သုံးဆီပြတ်လပ်မှုဒဏ်ကိုထပ်မံခံစားနေရပြီး ထိခိုက် လွယ်မိသားစုများ ဝမ်းရေးကျပ်တည်းလာကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မတ် ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်