မတ်လ တစ်လအတွင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သား ၂၀၀ ထက်မနည်း သေဆုံးခဲ့
ဧရာဝတီတိုင်းမ်
မတ် ၃၀ ရက်
အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် ကမ္ဘာတစ်ဝန်း လောင်စာဆီ ရှားပါးနေချိန်တွင် အာဏာသိမ်း စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်နေသဖြင့် စစ်အုပ်စု၏ လေယာဉ်ဆီ ရရှိမှုကို အမြန်ဆုံး ပိတ်ဆို့ရန် လိုအပ်နေကြောင်း သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှား မှုအဖွဲ့ (Blood Money Campaign) က ထုတ်ပြန်သည်။
စစ်အုပ်စုကို နိုင်ငံတကာမှ အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်နေသော်လည်း ၎င်းတို့သည် လေယာဉ်ဆီ များကို နည်းမျိုးစုံဖြင့် ဆက်လက် ရရှိနေသည့်အပြင် အရပ်ဘက် လေကြောင်းလိုင်းများထံမှ လေယာဉ်ဆီများကိုပါ အတင်းအဓမ္မ လုယူကာ ပြည်သူများကို ဗုံးကြဲတိုက်ခိုက်ရာတွင် အသုံးပြုနေခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် ပြီးခဲ့သည့် မတ် ၂၀ ရက်နေ့ကလည်း စစ်ဘေးရှောင်များ နေထိုင်နေသည့် ဘုန်းကြီးကျောင်းကို စစ်တပ်ကလေကြောင်းမှဗုံးကြဲခဲ့ရာ အရပ်သား ၅၀ ဝန်းကျင် သေဆုံးခဲ့သည်။ ထို့အပြင် မတ် ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ကချင်ပြည်နယ်၊ ဗန်းမော်ရှိ ရွှေမျှော လုပ်ကွက်ကို ဗုံးကြဲမှုတွင်လည်း အရပ်သား ၃၀ ထက်မနည်းသေဆုံးခဲ့သည်။
စစ်ကော်မရှင်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ၂၀၂၆ ခုနှစ်၊ မတ်လ တစ်လအတွင်း၌ပင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု လေးကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သား ၂၀၀ ထက်မနည်း သေဆုံးခဲ့ ကြောင်း သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ထံမှ သိရသည်။

ယခုကဲ့သို့ လေကြောင်း တိုက်ခိုက်မှုများပြားလာခြင်းမှာ စစ်အုပ်စုအပေါ် နိုင်ငံတကာ၏ အရေးယူ ပိတ်ဆို့မှုများ ထိရောက်မှု မရှိသေးခြင်းကို ပြသနေခြင်း ဖြစ်သည်။ ထို့ကြောင့် အာဆီယံ၊ အီးယူ၊ ယူကေနှင့် နိုင်ငံတကာ အစိုးရများအနေဖြင့် စစ်အုပ်စုကို တစုတစည်းတည်း ပြစ်ဒဏ်ပေး အရေးယူရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်အုပ်စု၏ လေယာဉ်ဆီ ရရှိမှုကို ရပ်တန့်နိုင်ရန် Blood Money Campaign အနေဖြင့် အွန်လိုင်းနှင့် မြေပြင် လှုပ်ရှားမှုများကို ဆက်တိုက် လုပ်ဆောင်နေပြီး ရှေ့ဆက်၍လည်း အပြင်းအထန် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်