နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၃၀ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၁၅ နှစ်တိုင် ရယူထားသော တပ်ချုပ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) နေရာကို ၎င်း၏လူယုံတော် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား ရာထူးတိုး ပေး၍ ယနေ့ မတ်လ ၃၀ ရက်တွင် လွှဲပြောင်းပေးလိုက်ကြာင်း သိရသည်။
ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ စစ်တပ်ပိုင် ဇေယျသီရိဗီမာန်တွင် ကျင်းပသည့် ရာထူးတာဝန်လွှဲ ပြောင်းခြင်း အခမ်းအနားတွင် မကြာသေးမီကမှ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဖြစ်လာသော ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ဗိုလ်ချုပ်မှူးကြီးအဆင့် တိုးမြှင့်ကာ တပ်ချုပ်သစ်အဖြစ် လွှဲပြောင်းခန့်အပ် ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး ရဲဝင်းဦးသည် ဗိုလ်သင်တန်း (OTS) အပတ်စဉ် (၇၇) ကျောင်းဆင်းဖြစ်ပြီး လက်ရှိ စစ်ကော် မရှင်အဖွဲ့ဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၏ ခမည်းခမက်လည်း ဖြစ်သည်။

#၁၅နှစ်အကြာမှာတပ်ချုပ်သစ်ဖြစ်လာတဲ့ဗိုလ်ချုပ်မှူးကြီးရဲဝင်းဦး
တပ်ချုပ်အသစ်ဖြစ်လာသူ ရဲဝင်းဦးသည် စစ်ခေါင်းဆောင်၏ လူယုံတော်ဖြစ်သလို စစ်ကော်မရှင် အတွင်းရေးမှူးနှင့် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရဖ) အဖြစ် တာဝန်ယူကာ နိုင်ငံတကာ သံတမန်များနှင့် တွေ့ ဆုံတိုင်း စစ်ခေါင်းဆောင်၏ အနီးကပ်တွင် အမြဲပါလေ့ရှိသူ ဖြစ်သည်။ ၎င်းသည့် ပြီးခဲ့သော မတ် ၄ ရက်တွင်မှ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဖြစ်လာခဲ့ပြီး ယခုအခါ တပ်ချုပ်အဖြစ် ထပ်မံ တာဝန်ယူရသူဖြစ်သည်။
#ဒုတပ်ချုပ်နှင့် ညှိ/ကွပ် နေရာအပြောင်းအလဲများ
အလားတူ တပ်ဖွဲ့စည်းပုံအရ အဆင့် (၃) နေရာဖြစ်သော ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကိုလည်း ဒုတပ်ချုပ်အဖြစ် ရာထူးတိုးမြှင့် ခန့်အပ်လိုက်သည်။ ဒုတပ်ချုပ် ကျော်စွာလင်းသည် စစ်တက္ကသိုလ် အပတ်စဉ် (၃၅) ကျောင်းဆင်းဖြစ်ပြီး စစ်ခေါင်းဆောင်၏ လူယုံတော်တစ်ဦး ဖြစ်သော် လည်း စစ်ရေးအတွေ့အကြုံ မရှိသူအဖြစ် လူသိများသည်။
ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ နေရာဖြစ်သော ညှိနှိုင်းကွပ်ကဲရေးမှူး (ညှိ/ကွပ်) အဖြစ် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးကို လွှဲပြောင်းခန့်အပ်ခဲ့သည်။ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးသည် စစ်တက္ကသိုလ် အပတ်စဉ် (၃၈) ကျောင်းဆင်းဖြစ်ပြီး ယခင် နအဖလက်ထက် ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။
၎င်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၃၈) ကျောင်းဆင်းဖြစ်ပြီး တပ်ခွဲမှူး၊ တပ်ရင်းမှူး၊ စစ်ဦးစီးမှူး(ပထမတန်း)၊ ဗျူဟာမှူး၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခမှူး) ၊ စစ်ဦးစီး ဗိုလ်မှူးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တိုင်းမှူး၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ-၁) မှူး၊ ကစထ (၅) မှူးတို့ဖြစ်လာသူဖြစ်သည်။

#စစ်ခေါင်းဆောင်၏ခြေလှမ်းသစ်
လက်ရှိတွင် တပ်ချုပ်နေရာကို လူယုံတော်များဖြင့် အစားထိုး လွှဲပြောင်းပေးလိုက်သော အာဏာသိမ်း စစ်ခေါင်းဆောင်သည် ၎င်းတို့၏ ရွေးတုလွှတ်တော်မှတစ်ဆင့် ဖွဲ့စည်းမည့် အမည်ခံအစိုးရအဖွဲ့တွင် ဒုတိယဒုသမ္မတအဖြစ် နာမည်စာရင်းတွင် ပါဝင်လာပြီဖြစ်သည်။ အဆိုပါအခြေအနေသည် စစ်ခေါင်းဆောင်အနေဖြင့် တပ်ချုပ်ရာထူးကို စိတ်ချရသူများထံ လွှဲပြောင်း၍ နိုင်ငံရေးအရ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားရန် လုပ်ဆောင်လာခြင်းဖြစ်သည်။
ဓာတ်ပုံ-Popular