‎ဧရာဝတီတိုင်းမ်
‎မတ် ၂၉ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ ပဒါန်းတပ်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေပြီး နတ်ရေကန်ဗျူဟာအနီးရှိ စစ်ကော်မရှင်တပ်ဖွဲ့များ ပိတ်ဆို့တိုက်ခိုက်ခံနေရသဖြင့် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန် ခုခံနေရကြောင်း သိရသည်။

နတ်ရေကန်ဗျူဟာတဝိုက်နှင့် လမ်းဟောင်းဘက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး အာရက္ခတပ်တော် (AA) သည် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၁၄ ၊ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ -၉၀၅ တို့နှင့် နီးကပ်လာသည့် အခြေအနေကြောင့် စစ်ကော်မရှင်ဘက်မှ အမြောက်တပ်ပစ်ကူများအပြင် လေ ကြောင်းမှပါ တိုက်ခိုက်နေရခြင်းဖြစ်သည်။

“ပဇီနဲ့ ဂုတ်ကြီး လမ်းပိုင်းမှာက စစ်တပ်ကနေ အင်အား ၄၀၀၊ ၅၀၀ လောက်သုံးပြီး စစ်ကြောင်းဖြန့်တက်နေတာရှိတော့ တိုက်ပွဲကဖြစ်တယ်။ လေကြောင်းကလည်း လာတယ်။ ဒရုန်းတွေလည်း ချတာပဲ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စစ်ကော်မရှင်သည် လမ်းဟောင်းဘက်ရှိ ပဇီကျေးရွာနှင့် လိုင်ရွာတို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သလို မစခ-၉၀၅ မှတစ်ဆင့် နတ်ရေကန်ဗျူဟာသို့ စစ်ကူ၊ ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

 

ပြီးခဲ့သည့် မတ်လ ၂၃ ရက်ကလည်း ပဇီလမ်းဟောင်းတွင် အရာရှိ ပါဝင်သည့် စစ်ကော်မရှင်၏ ခဲယမ်းတင်ယာဉ်တန်း တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြားခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းကလည်း ငဖဲမြို့နယ်၊ ကြောင်နွားသိုးဆည်အနီး စခန်းချနေသည့် အင်အား ၅၀ ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်းကို CDF-Ashsho (အရှိုချင်းတပ်ဖွဲ့) က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ပုံစာ-နတ်ရေကန်ဗျူဟာကုန်း(ပုံဟောင်း)