ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ မတ် ၂၉ ရက်)

“ထက်ပါတယ်ဆိုတဲ့ ဓားအသွားကိုတောင် ဝါးဆစ်ဝါးမျက်က ပျက်စီးစေတယ်။ ‘ဓားကိုဖျက် ဝါးမျက်၊ လူကိုဖျက် အရက်’ တဲ့။ အသည်းထိခိုက် ပျက်စီးမယ့် အရက်တွေကို အများကြီး မသောက်စေချင်ဘူး ညီလေးရေ” လို့ ကျွန်တော်က ပြောလိုက်ပါတယ်။

ကျွန်တော့်စကားဆုံးတာနဲ့ သူက မကျေမနပ် ပြန်ကြည့်ပြီး “နိုင်ငံတောင် စုတ်ပြတ်နေပြီ ကိုကြီးရာ။ ခါးသီးတဲ့ ဘဝကြီးမှာ ပျော်စရာဆိုလို့ အရက်သောက်ပြီး မူးရတာပဲ ရှိတာဗျာ။ ဒါတော့ လာမတားပါနဲ့” လို့ တုံ့ပြန်ပါတယ်။

“ဒါတော့ ဒါပေါ့ ညီလေးရယ်။ အသည်းက ပြန်လည်ရှင်သန်နိုင်စွမ်း အားကောင်းပေမဲ့ ခံနိုင်ရည်ကို ကျော်လွန်သွားရင်တော့ အပြီးတိုင် ပျက်စီးသွားတတ်တယ်။ ဒါကြောင့် ကိုကြီးက အသည်းကျန်းမာရေး အကြောင်း သေသေချာချာ ရှင်းပြမယ်။ ကျန်တာကတော့ ညီလေးကိုယ်တိုင် ဆုံးဖြတ်ပေါ့” ဆိုပြီး ဆရာဝန်တစ်ယောက်ရဲ့ တာဝန်အတိုင်း ရှင်းပြဖို့ဖြစ်လာပါတယ်။

🟥တကယ်အားကိုးရတဲ့ ခန္ဓာကိုယ်ရဲ့ စက်ရုံကြီး “အသည်း” (Liver)

အသည်းဟာ ဝမ်းဗိုက်ရဲ့ ညာဘက်အပေါ်ပိုင်းမှာ တည်ရှိပြီး ၁.၅ ကီလိုဂရမ်ခန့် လေးပါတယ်။ သူဟာ လူ့ခန္ဓာကိုယ်ရဲ့ အကြီးဆုံး ကိုယ်တွင်းအင်္ဂါဖြစ်သလို အသက်ရှင်သန်ဖို့အတွက် အလုပ်ပေါင်း ၅၀၀ ကျော်ကို နေ့ရောညပါ လုပ်ပေးနေတဲ့ “စက်ရုံကြီး” လည်း ဖြစ်ပါတယ်။

အဆိပ်အတောက်များကို ဖယ်ရှားဖို့ အသည်းကိုလိုအပ်ပါတယ်။ အသည်းဟာ သွေးထဲမှာရှိတဲ့ ဘေးဥပဒ်အန္တရာယ် ဖြစ်စေတဲ့ အဆိပ်အတောက်တွေ၊ ဆေးဝါးတွေနဲ့ အရက်တွေကို အသည်းမှာ ချေဖျက် သန့်စင်ပေးပါတယ်။

အဆီဓာတ်ကို ချေဖျက်ဖို့အတွက် လိုအပ်တဲ့ သည်းခြေရည် (Bile) ကို ထုတ်လုပ်ပေးပြီး ကူညီ‌ချေ ဖျက်ပေးတာကြောင့် အစာခြေစနစ်မှာလည်း အသည်းက အရေးပါ ပါတယ်။

စားသောက်လိုက်သမျှ အစာအာဟာရတွေကို ခန္ဓာကိုယ်က ချက်ချင်းမသုံးသေးရင် ဂလူးကို့စ် (Glucose) ကို ဂလိုင်ကိုဂျင် (Glycogen) အဖြစ် ပြောင်းလဲပြီး အသည်းမှာ စွမ်းအင် သိုလှောင် လိုက်ပါတယ်။ လိုအပ်တဲ့အချိန်မှ ပြန်သုံးနိုင်ဖို့အတွက်လည်း အသည်းက လုပ်ဆောင်ပေးပါတယ်။

သွေးကျဲစေဖို့နဲ့ သွေးကြောထိခိုက်ပျက်စီးရင် သွေးခဲ‌စေဖို့လိုအပ်တဲ့ ဓာတ်တွေအပါအဝင် သွေးရည် ကြည်ထဲက အရေးကြီးတဲ့ Albumen ပရိုတင်းတွေကို အသည်းကပဲအဓိကထား ထုတ်လုပ်ပေးပါတယ်။ သွေးကြောထဲမှာ သွေးတွေတည်မြဲနေဖို့အပါအဝင် သွေးရဲ့ပါဝင်ပစ္စည်းတွေကို အသည်းမှာ ဖြည့်တင်း ထုတ်လုပ်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။

🟥အသည်းကို ထိခိုက်ခြင်းများ

အသည်းဟာ ပြန်လည်ရှင်သန်နိုင်စွမ်း (Regeneration) အားကောင်းတဲ့ အင်္ဂါဖြစ်လို့ အသည်း အစားထိုးဖို့ လှူလိုက်ရင်တောင် ပြန်ပွားနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ အသည်းရဲ့ ထိန်းထားနိုင်စွမ်းကို ကျော်လွန်သွားတဲ့အခါ အသည်းရောဂါတွေ အဆင့်ဆင့် ဖြစ်ပွားလာပါတော့တယ်။

အသည်းကို အဓိကဖျက်ဆီးတဲ့ တရားခံတွေကတော့
-အသည်းရောင် အသားဝါ B ပိုး၊ C ပိုး ဗိုင်းရပ်စ်များ။
-အဆီအအိမ့် အလွန်အကျွံစားခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း။
-ဆရာဝန်ညွှန်ကြားချက်မပါ ဆေးပညာဗဟုသုတမရှိဘဲ ဆေးများကို အလွန်အကျွံသောက်ခြင်း။
-အဓိကတရားခံဖြစ်တဲ့ အသည်းကို အမြန်ဆုံးနဲ့ အဆိုးရွားဆုံး ပျက်စီးစေတဲ့ အရက်သောက်သုံး ခြင်းတွေက အသည်းကိုထိခိုက်စေတာပါ။

🟥အရက်ကြောင့် အသည်းပျက်စီးခြင်း အဆင့် (၃) ဆင့်

အရက်ကို အလွန်အကျွံသောက်တဲ့အခါ အသည်းထဲ ပျက်စီးသွားတာကို အဆင့် သုံးဆင့်နဲ့ ရှင်းပြပါမယ်။အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါ (Alcohol-Related Liver Disease) ဟာ အဆင့်ဆင့် ပြောင်းလဲသွားတာဖြစ်ပြီး အဆင့်တစ်ခုချင်းစီမှာ ပြသတဲ့ လက္ခဏာနဲ့ ကုသမှုပုံစံတွေ ကွာခြားပါတယ်။

🟥၁။ အသည်းအဆီဖုံးခြင်း (Alcoholic Fatty Liver)

အရက်ကို အသည်းက ချေဖျက်တဲ့အခါ ဘေးထွက်ပစ္စည်းအနေနဲ့ အဆီဓာတ်တွေ ထွက်လာပါတယ်။ အရက်သောက်တာ များလာရင် အသည်းက ဒီအဆီတွေကို မဖယ်ရှားနိုင်တော့ဘဲ အသည်းဆဲလ်တွေထဲမှာ အဆီတွေ စုပုံလာပါတယ်။ ဒါဟာ အသည်းအထိခိုက်တဲ့ ပထမဆုံး အဆင့်ဖြစ်ပါတယ်။

အသည်းအဆီဖုံးခြင်းဆိုတာဟာ အရက်သောက်သူ အများစုမှာ တွေ့ရလေ့ရှိတဲ့ ပထမဆုံးအဆင့် ဖြစ်ပါတယ်။များသောအားဖြင့် ဘာလက္ခဏာမှ မပြတတ်ပါဘူး။ အချို့သူတွေမှာ ဗိုက်ရဲ့ ညာဘက်အပေါ်ပိုင်းမှာ အောင့်သလိုလို ပြည့်သလိုလို တင်းကျပ်နေသလိုလို ခံစားရတတ်ပြီး ခန္ဓာကိုယ် နုံးချိနေတတ်ပါတယ်။

အဲ့ဒီလိုကြုံရေပြီဆို အရက် လုံးဝဖြတ်ခြင်းကသာ အထိရောက်ဆုံးပါ။ အဆီဓာတ်လျှော့ပြီး ဗီတာမင်ကြွယ်ဝတဲ့ အစားအစာတွေ စားပေးရပါမယ်။ တစ်နေ့ကို မိနစ် ၃၀ ခန့် လမ်းမှန်မှန်လျှောက်ပေးခြင်းက အသည်းထဲက အဆီတွေကို လောင်ကျွမ်းစေပါတယ်။အရက် လုံးဝဖြတ်လိုက်ပြီး ကျန်းမာသွက်လက်တဲ့ နေထိုင်မှုပုံစံနဲ့ ရှင်သန်မယ်ဆိုရင် ၂ပတ်မှ ၂လအတွင်းအသည်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွားနိုင်ပါတယ်။

🟥၂။ အသည်းရောင်ရမ်းခြင်း (Alcoholic Hepatitis)

အရက်ကို ချေဖျက်ရာက ထွက်လာတဲ့ Acetaldehyde အဆိပ်ဓာတ်က အသည်းဆဲလ်တွေကို တိုက်ရိုက်ဖျက်ဆီးတဲ့အဆင့်ပါ။ဒီဓာတ်က အသည်းဆဲလ်တွေကို တိုက်ရိုက်ဖျက်ဆီးပြီး ရောင်ရမ်းမှုကို ဖြစ်စေပါတယ်။ ဒီအဆင့်မှာ သွေးဖြူဥတွေက ရောင်ရမ်းတဲ့နေရာကို လာစုတဲ့အတွက် အသည်းဆဲလ်တွေ ပိုမို ထိခိုက်ပျက်စီးတာလည်းသေဆုံးကုန်ပါတယ်။

အရက်ကြောင့် အသည်းရောင်ခြင်းခံစားရပြီဆိုရင် အသည်းဆဲလ်တွေ စတင်ပျက်စီးပြီး အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ ခြေထောက်ဖောခြင်းတွေ ဖြစ်လာပါမယ်။

ပြင်းထန်တဲ့ အသည်းရောင်ခြင်းဆိုရင်‌တော့ ဆေးရုံတင်ပြီး အသည်းရောင်ခြင်းကို စောင့်ကြည့်ကုသရမှာပါ။ အသည်းရောင်နေတဲ့အချိန်မှာ အရက်ဆက်သောက်ရင် အသက်အန္တရာယ် ချက်ချင်းရှိနိုင်ပါတယ်။ ဒါကြောင့် အရက်ကို လုံးဝ (လုံးဝ) ဖြတ်ဖို့ လိုပါတယ်။ အသည်းရောင်နေတဲ့ အခြေနေမှာ အသည်းဆဲလ်တွေ ပြန်လည်ကျန်းမာသန်စွမ်းဖို့အတွက် ဆရာဝန် တွက်ချက်ညွှန်ကြားပေး တဲ့အတိုင်း ပရိုတင်းအသားဓာတ် ( ကြက်ဥ၊ ငါး၊ အသား) ကို လုံလောက်အောင် စားပေးရပါမယ်။

🟥၃။ အသည်းခြောက်ခြင်း (Cirrhosis)

အသည်းဆဲလ်တွေ ခဏခဏ ပျက်စီးပြီး ပြန်ပြုပြင်တဲ့အခါ ပုံမှန်ဆဲလ်တွေနေရာမှာ အမာရွတ်တစ်ရှူး (Fibrosis) တွေ အစားထိုးဝင်ရောက်လာပါတယ်။ အမာရွတ်တွေ များလာတဲ့အခါ အသည်းက မာကြောလာပြီး သွေးလည်ပတ်မှု ပိတ်ဆို့ကာ နောက်ဆုံးမှာ အသည်းအလုပ်မလုပ်နိုင်တော့တဲ့ “အသည်းခြောက်ခြင်း” အဆင့်ကို ရောက်ရှိသွားပါတယ်။ ဒါဟာ အသည်းထိခိုက်ပျက်စီးမှု နောက်ဆုံး အဆင့်ဖြစ်ပြီး အသည်းမှာ အမာရွတ်တွေ အမြဲတမ်း ဖြစ်သွားတဲ့ အခြေအနေပါ။ အသည်းခြောက် သွားတဲ့အခါ ပုံမှန်အနေအထားအသည်းလို ပြန်မဖြစ်တော့ပါဘူး။

အသည်းဟာ နာကျင်မှုကို တော်ရုံဖော်ပြလေ့မရှိတဲ့ “ဆိတ်ဆိတ်နေတဲ့ အင်္ဂါ” တစ်ခုဖြစ်ပါတယ်။ အသည်းခြောက်တဲ့အဆင့်ရောက်မှသာ ဗိုက်ထဲ ရေဖျဉ်းဆွဲခြင်း၊ အသားဝါခြင်း စတဲ့ လက္ခဏာတွေကို တရစပ် ပြပါလေရော။

အသည်းခြောက်ခြင်းရဲ့ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရောဂါလက္ခဏာများအနေနဲ့ ဗိုက်ထဲမှာ ရေဖျဉ်း ဆွဲခြင်း၊ အစာရေမြို သွေးကြောပေါက်ပြီး သွေးအန်ခြင်းနှင့် အစာရေမြို သွေးကြောပေါက် ခြင်းကြောင့် ဝမ်းအမည်းရောင်သွားခြင်း၊ သတိလစ်ခြင်း၊ သိစိတ်လွတ်သွားခြင်း၊ စကားများ ဗယောင်ဗယမ်း ပြောခြင်း၊ လက်ဖဝါးများ နီမြန်းခြင်းနှင့် ရင်ဘတ်တွင် ပင့်ကူငယ်သဏ္ဍာန် သွေးကြောမျှင်လေးများ ပေါ်လာခြင်း တို့ဖြစ်ပါတယ်။

အသည်းခြောက်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများတွေကို ထိန်းချုပ်ဖို့ဆိုတာကုသရာမှာ လက်ဝင် ပါတယ်။ ဆရာဝန်နဲ့ အချိန်တိုင်း အမြဲမပြတ်ထိတွေ့ ကုသရမယ့်အခြေ အနေပါ။ ရေဖျဉ်းဆွဲ ခြင်းထိန်းချုပ်ဖို့ ဝမ်းဗိုက်အတွင်းရေခြောက်စေတဲ့ဆေးများ ဆီးဆေးများ အမြဲတွက်ချက်ပြီး ကုသ ပေးရပါမယ်။ အစာအိမ်မှန်ပြောင်းကြည့်ပြီး အစာရေမြိုသွေးကြောများ ဖောင်းနေခြင်း သွေးကြော ပေါက်ခြင်းကို စစ်ဆေးပြီး လိုအပ်ပါက သွေးကြောချည်ထုံးခြင်းကုသမှုလည်း လိုအပ်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ ရေစုပုံခြင်း မဖြစ်အောင် ထိန်းချုပ်ဖို့ ဆား (Salt) ကို အထူးရှောင်ရပါမယ်။ အငန်လျှော့စားရပါမယ်။ အသည်း လုံးဝ အလုပ်မလုပ်တော့တဲ့ အခြေအနေမှာ အသည်းအလှူရှင် ရှာဖွေက အသည်းအစားထိုးခြင်း (Liver Transplant) ဆိုတဲ့ ကုသမှုကိုခံယူရပါမယ်။နောက်ဆုံး ကုသနည်းဖြစ်ပါတယ်။

🟥အသည်းကျန်းမာရေးအတွက် မှန်ကန်စွာ ဆုံးဖြတ်ပါ

အရက်ကြောင့်ဖြစ်တဲ့အသည်းရောဂါဟာ အဆင့် (၁) နဲ့ (၂) မှာတင် အရက်ကို လုံးဝဖြတ်ပြီး စနစ်တကျ ကုသမယ်ဆိုရင် အသည်းခြောက်တဲ့အထိ မရောက်အောင် တားဆီးနိုင်ပါတယ်။ အသည်းဟာ သူ့ဘာသာသူ ပြန်လည်ပြုပြင်နိုင်စွမ်း အရှိဆုံး အင်္ဂါဖြစ်လို့ အချိန်မီ ပြုပြင်လိုက်ဖို့သာ လိုအပ်ပါတယ်။

ညီငယ်လေးအပါအဝင် အရက်ကြိုက်တတ်တဲ့ မိတ်ဆွေများအားလုံး ကိုယ့်ကျန်းမာရေးအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

နောက်တပတ်မှာတော့ ” နေပူပူ ရေစိုစို အတာသင်္ကြန်ပွဲတော်မှာ ကြုံရနိုင်တဲ့ အရေပြားနှင့် မျက်စိကျန်း မာရေး” ဆောင်းပါးကိုတင်ဆက်ပေးမှာဖြစ်တာကြောင့် စောင့်မျှော်အားပေးကြပါဦးခင်ဗျာ။

အားလုံးပဲကျန်းမာရေးအသိပညာများတိုးပွားပြီး ဘဝခရီးလမ်းကို သာသာရာယာလျှောက်လှမ်း နိုင်ကြပါစေ။