ဧရာဝတီတိုင်းမ်
မတ် ၂၉ ရက်

 

အီရန်နိုင်ငံကျောထောက်နောက်ခံပြု ယီမင်ဟူသီသူပုန်အဖွဲ့ဟာ စနေနေ့မှာ အစ္စရေးနိုင်ငံကို ဒုံး ကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းဒေသက ပဋိပက္ခတွေဟာ ပိုပြီးတော့ အရှိန်မြင့်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

 

စနေနေ့ဟာ အမေရိကန်နဲ့ အစ္စရေးတပ်ဖွဲ့တွေက အီရန်အပေါ် စစ်ရေးအရ စတင်တိုက်ခိုက်ခဲ့တာ တစ်လပြည့်တဲ့နေ့ဖြစ်ပြီး အခုဖြစ်ပွားနေတဲ့ ပဋိပက္ခအတွင်းမှာ ဟူသီအဖွဲ့က ပထမဆုံးအကြိမ်အဖြစ် ပါဝင်တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

 

အစ္စရေးဟာ အီရန်နိုင်ငံအပေါ် ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး၊ စနေနေ့မှာ တီဟီရန်မြို့က အစိုးရနဲ့ပတ်သက်တဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ပြောဆို ထားပါတယ်။

အမေရိကန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အီရန်နိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္လာနေ့အထိ အရပ်သား ၁,၄၄၃ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

အီရန်ဟာ အစ္စရေးနိုင်ငံအပေါ် ဒုံးကျည်တွေနဲ့ ဆက်တိုက် တုံ့ပြန်တိုက်ခိုက်နေပြီး အစ္စရေးရဲ့ အကြီးဆုံး စီးပွားရေးမြို့တော်ဖြစ်တဲ့ တယ်အဗစ်မြို့မှာ စနေနေ့က တိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး ခဲ့တယ်လို့ အစ္စရေး အရေးပေါ်ကယ်ဆယ်ရေး အာဏာပိုင်တွေက ပြောဆိုထားပါတယ်။

 

ဆော်ဒီအာရေးဗီးယားနိုင်ငံမှာရှိတဲ့ လေတပ်စခန်းတစ်ခုကို အီရန်က ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အမေရိကန်စစ်သည် ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမေရိကန်သတင်းမီဒီယာ တွေက ဖော်ပြကြပါတယ်။

 

အီရန်စစ်ဆင်ရေး စတင်ကတည်းကဆ အမေရိကန်စစ်သား စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ပြီလို့ သိရ ပါတယ်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြီးခဲ့တဲ့ သောကြာနေ့မှာ သတင်းထောက်တွေ ကို ပြောကြားရာမှာ စစ်ဆင်ရေးဟာ သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း ဒါမှမဟုတ် အချိန်ဇယား ထက်စောပြီး ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။

 

ဒီစစ်ဆင်ရေးကို လပိုင်းအထိ မကြာစေဘဲ ရက်သတ္တပတ် အနည်းငယ်အတွင်း သင့်တော်တဲ့အချိန် မှာ အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

ကိုးကား – NHK
Ref: Houthi rebels in Yemen claim responsibility for missile attack on Israel