ဧရာဝတီတိုင်းမ်
မတ် ၂၉ရက်
ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများပြင်းထန်နေသည့် စစ်မျက်နှာပြင်များမှ ထိခိုက်ဒဏ်ရာရလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ပုသိမ်မြို့တွင် ဆေးကုသပေးနေရပြီး ၎င်းတို့အနက်မှ ဗိုလ်မှူးတစ်ဦး ဆေးကုသရင်း သေဆုံးသွားကြောင်း သိရသည်။
အသက် (၃၆) နှစ်အရွယ်ရှိ စစ်ကော်မရှင်တပ်မှ ဗိုလ်မှူးတစ်ဦးသည် ဒဏ်ရာအပြင်း အထန်ရ၍ ပုသိမ် အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)၊ စစ်မြေပြင်ဆေးတပ်ရင်း မဆရ-၄ တွင် ဆေးကုသနေသည့် သေဆုံးခဲ့သည်။
ထို့ကြောင့် အဆိုပါ ဗိုလ်မှူးအလောင်းကို ပြီးခဲ့သည့် မတ်လ ၂၆ ရက်က ရွှေမြင်တင် မီးသင်္ဂြိုဟ်စက်၌ စစ်ကားများအပါအဝင် ယာဉ်တန်းဖြင့် လာရောက်သဂြိုဟ်သွားကြောင်း သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံမှ သိရသည်။

”အမြောက်တပ်-၃၄၄ က ထွက်လာသမျှစစ်ကြောင်းတိုင်း ပိတ်ဆို့တိုက်တာခံရပြီး အသေအပျောက်များနေတယ်။ ညဘက်တွေမှာ ပုသိမ်ကို ဖောကားတွေနဲ့ စစ်သားလူနာတွေတင်လာတာရှိတယ်” ဟု ပုသိမ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် အင်္ဂပူနှင့် လေးမျက်နှာမြို့နယ်တို့ရှိ မြောက်စမ်းအမြောက်တပ် (အမတ ၃၄၄) မှ ထွက်လာသည့် စစ်ကြောင်းများမှာ နေ့စဉ်နှင့်အမျှ အထိနာနေပြီး သီတာကုန်းပြင်နှင့် စက်စက်ယို ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်များမှာ အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကို ခံနေရခြင်းဖြစ်သည်။
စစ်ကော်မရှင်ဘက်မှ သေဆုံးထိခိုက်မှု များပြားနေသဖြင့် ကျုံပျော်တပ်ရင်းနှင့် စစ်မှုထမ်းတပ်သားသစ်များကို သုံးကာ အရေးပေါ် စစ်ကူဖြည့်တင်းနေရကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများကို ညအချိန်တွင် မိုးကာအုပ်ထားသည့် ဖောကားများဖြင့် ပုသိမ်ရှိ မဆရ (၄) သို့ သယ်ယူပို့ဆောင်နေရပြီး အခြေအနေစိုးရိမ်ရသည့် အရာရှိအချို့ကိုမူ ရန်ကုန်ရှိ စစ်ဆေးရုံများသို့ လွှဲပြောင်းပေးနေရကြောင်း သိရသည်။
ကျုံပျော်တပ်ရင်းနှင့် စစ်မှုထမ်းတပ်သားသစ်များကို သုံးပြီး အရေးပေါ်စစ်ကူဖြည့်နေရသည့် စစ်ကော်မရှင်တပ်သည် ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများကို မိုးကာအုပ်ကာထားသည့် ဖောကားများဖြင့် ညအချိန်တွင် ပုသိမ်သို့ပြန်လည်သယ်ယူနေရသည်။
ပုသိမ် မဆရ ၄တွင်ဒဏ်ရာရသူများကို ပို့ဆောင်ကုသပေးနေရပြီး အရာရှိအချို့ကို ရန်ကုန် စစ်ဆေးရုံသို့ပို့ပေးနေကြောင်း သိရသည်။
ဓာတ်ပုံ-စစ်ကော်မရှင်တပ်မှသေဆုံးသူ အရာရှိတစ်ဦး၏ အလောင်းကိုတွေ့ရစဉ် (ပုံဟောင်း)