ဧရာ၀တီတိုင်းမ်
မတ် ၂၉ ရက်
အမေရိကန်ပြည်ထောင်စု၏ ဒေါ်လာငွေစက္ကူများပေါ်တွင် သမ္မတ ဒေါ်နယ်ထရမ့်၏ လက်မှတ်ကို ထည့်သွင်းရိုက်နှိပ်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့တွင် အမေရိကန်ငွေတိုက်ဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
ယခုလုပ်ဆောင်ချက်သည် အမေရိကန်သမိုင်းတွင် တာဝန်ထမ်းဆောင်ဆဲ သမ္မတတစ်ဦး၏ လက်မှတ်ကို တရားဝင် ငွေစက္ကူများပေါ်တွင် ပထမဆုံးအကြိမ် ထည့်သွင်းခြင်းဖြစ်ပြီး ၁၈၆၁ ခုနှစ်မှစတင်ကာ ငွေစက္ကူများပေါ်တွင် ပါဝင်ခဲ့သည့် ငွေတိုက်မှူး (Treasurer) ၏ လက်မှတ်ကိုလည်း ပထမဆုံး အကြိမ် အဖြစ် ဖယ်ရှားသွားမည်ဖြစ်သည်။
ယခုကဲ့သို့ ပြင်ဆင်ပြောင်းလဲခြင်းမှာ လာမည့် အမေရိကန်ပြည်ထောင်စု၏ ၂၅၀ ပြည့်နှစ် နှစ်ပတ်လည်နေ့ ကို ဂုဏ်ပြုသောအားဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ငွေတိုက်ဌာနက ဆိုသည်။

“သမ္မတ ထရမ့်ရဲ့ ဦးဆောင်မှုအောက်မှာ အမေရိကန်ဟာ မကြုံစဖူး စီးပွားရေး တိုးတက်မှုတွေ၊ ဒေါ်လာရဲ့ သြဇာလွှမ်းမိုးမှုတွေနဲ့ ဘဏ္ဍာရေးဆိုင်ရာ တည်ငြိမ်မှုတွေဆီကို ဦးတည်နေပါတယ်။ နိုင်ငံတော်ရဲ့ သမိုင်းဝင် အောင်မြင်မှုတွေနဲ့ သမ္မတ ထရမ့်ကို ဂုဏ်ပြုဖို့ ဒေါ်လာငွေစက္ကူတွေပေါ်မှာ သူ့ရဲ့အမည် ပါဝင်လာတာဟာ အသင့်တော်ဆုံးပါပဲ” ဟု ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ပြောကြားခဲ့သည်။
ထို့ကြောင့် သမ္မတ ထရမ့်နှင့် Bessent တို့၏ လက်မှတ်များ ပါဝင်မည့် ပထမဆုံး ဒေါ်လာ ၁၀၀ တန် ငွေစက္ကူများကို လာမည့် ဇွန်လတွင် စတင်ရိုက်နှိပ်မည်ဖြစ်ပြီး အခြားသော ငွေစက္ကူများကိုလည်း နောက်လများတွင် ဆက်လက်ရိုက်နှိပ်သွားမည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
အမေရိကန်ငွေတိုက်မှူး Brandon Beach ကလည်း “ကျွန်တော်တို့ နိုင်ငံရဲ့ ၂၅၀ ပြည့်နှစ် နှစ်ပတ်လည် နီးကပ်လာတာနဲ့အမျှ အမေရိကန်ရဲ့ ငွေကြေးတွေဟာ သမ္မတ ထရမ့်ရဲ့ ဦးဆောင်မှုအောက်မှာ ချမ်းသာ ကြွယ်ဝမှု၊ အင်အားတောင့်တင်းမှုနဲ့ မယိမ်းယိုင်တဲ့ စိတ်ဓာတ်တွေရဲ့ ပြယုဂ်အဖြစ် ဆက်လက် တည်ရှိ နေမှာပါ” ဟု ဆိုသည်။
သမ္မတ ထရမ့်သည် ၎င်း၏ အမည်နှင့် ပုံရိပ်များကို အမေရိကန် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများတွင် ထည့်သွင်းရန် ကြိုးပမ်းလေ့ရှိပြီး ငြိမ်းချမ်းရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အနုပညာ ဗဟိုဌာနများနှင့် စစ်သင်္ဘောအသစ်များကိုလည်း ၎င်း၏အမည် ပြောင်းလဲပေးခဲ့ဖူးသည်။
ယခုလအစောပိုင်းတွင်လည်း သမ္မတ ထရမ့်၏ ရုပ်ပုံပါဝင်သည့် ၂၄ ကာရက် ရွှေဒင်္ဂါးပြားများ ထုတ်လုပ်ရန် ဖက်ဒရယ် အနုပညာကော်မရှင်က ခွင့်ပြုခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်မှာ သက်ရှိထင်ရှား ရှိနေသည့် သမ္မတ၏ ပုံကို ငွေကြေးပေါ်တွင် မသုံးရဆိုသည့် ဖက်ဒရယ်ဥပဒေရှိသော်လည်း ထရမ့် ကိုယ်တိုင် ခန့်အပ်ထားသည့် ကော်မရှင်အဖွဲ့ဝင်များက အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။
ကိုးကား-The Guardian
Ref; Trump signature to appear on US currency in first for sitting president