ဧရာဝတီတိုင်းမ်
မတ် ၂၉ရက်
ရခိုင်ပြည်နယ်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများမှ စစ်ကော်မရှင်နှင့် ပတ်သက် ဆက်နွယ်နေသူများ၏ နေအိမ်များကို အာရက္ခအစိုးရက ချိပ်ပိတ်သိမ်းဆည်းမှုများရှိရာမှ အသနားခံ တင်ပြလာသည့် နေအိမ်များကို ပြန်လည်လွှဲပြောင်း အပ်နှံနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း အာရက္ခပြည်သူ့တော်လှန်ေရးအစိုးရအား ဆန့်ကျင်သော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့်ပတ်သက် ဆက်စပ်သူများ (သို့မဟုတ်) အကြမ်းဖက်အဖွဲ့အစည်း၊ အကြမ်းဖက်သမား နှင့်ပတ်သက်ဆက်စပ်သူများ ပိုင်ဆိုင်သည့် နေအိမ်၊ အဆောက် အအုံတချို့ကို မြို့သိမ်းတိုက်ပွဲ အပြီး နောက်ပိုင်းကာလများ၌ လုပ်ထုံးလုပ်နည်းများနှင့်အညီအညီ ချိပ်ပိတ်ခြင်းများ ပြုလုပ်ထားခဲ့သည်။
အိမ်ပိုင်ရှင်အချို့သည် ချိပ်ပိတ်ထားသည့် ၎င်းတို့၏ အိမ်များ ပြန်ရရှိရေးအတွက် အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရထံ သနားခံစာတင်လာသဖြင့် စနစ်တကျစိစစ်ပြီးနောက် အချို့အိမ်များကို မူလ အိမ်ပိုင်ရှင်များလက်သို့ ပြန်လည်လွှဲပြောင်း အပ်နှံပြီးခဲ့ကြောင်း သိရသည်။
ချိပ်ပိတ်ခံထားရသည့် အိမ်ပိုင်ရှင်များမှ သနားခံစာတင်လာမှုများရှိပါကြောင်း၊ အဆိုပါအသနားခံစာ များအရ စနစ်တကျ စိစစ်မှုများပြုလုပ်ပြီး ပြန်လွှဲပြီးသည့်ဖြစ်စဉ်များလည်း ရှိပါကြောင်း အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ၏ ပြောခွင့်ရ ဦးခိုင်သုခက ပြောကြားသည်။
“မြို့သိမ်းတိုက်ပွဲအပြီး နောက်ပိုင်းမှာ ကျွန်တော်တို့ တော်လှန်ရေးအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့နဲ့ ပတ်သက်ဆက်စပ်နေတဲ့ လူတွေ၊ အကြမ်းဖက်အဖွဲ့အစည်း၊ အကြမ်း ဖက်သမား နဲ့ ပတ်သက် ဆက်စပ်နေသူတွေ ပိုင်ဆိုင်တဲ့ နေအိမ်၊ အဆောက်အအုံတွေကို အခြေအနေ လိုအပ်ချက်အရ ချိပ်ပိတ်ခဲ့ပါတယ်။ ဒီအပေါ်မှာ အိမ်ပိုင်ရှင်တွေဖက်က အပြစ်ကင်းကြောင်း အချက် အလက် အပြည့်အစုံနဲ့ အသနားခံစာတင်ပြလာတဲ့အတွက် ပြန်စိစစ်ပြီး အပြစ်ကင်းရင် ချိပ်ပိတ်ထား တာကို ပြန်ဖွင့်ပြီး မူလပိုင်ရှင်လက်သို့ လွှဲပြောင်းပေးလိုက်တာ ရှိပါတယ်” ဟု ဦးခိုင်သုခက ဆိုသည်။
သို့ဖြစ်ပါ၍ ချိပ်ပိတ်ခံထားရသော အိမ်များ၏ပိုင်ရှင်များအနေဖြင့် အမှန်အကန် အပြစ်ကင်းသည် ဆိုပါက အပြစ်ကင်းကြောင်းကို အထောက်အထား၊ အချက်အလက် အပြည့်အစုံဖြင့် အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရထံ အသနားခံစာတင်ပြလျှောက်ထားနိုင်ပါကြောင်းလည်း ဦးခိုင်သုခမှ အကြံပြု ထားသည်။
လက်ရှိတွင် နေအိမ်ချိပ်ပိတ်ခံထားရသည့်သူများထဲမှ အချို့သည် အကြောင်းအမျိုးမျိုးကြောင့် ချိပ်ပိတ် ခံထားရသည့် အိမ်များ ပြန်ရရေးလျှောက်ထားမှု မပြုနိုင်သေးသူများလည်း ရှိနေကြောင်း သိရသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ၎င်းတို့အုပ်ချုပ်နေသည့်မြို့နယ်များတွင် စစ်ကော်မရှင်နှင့် ပတ် သက်ဆက်နွယ်နေသူများပိုင်ဆိုင်သော နေအိမ်၊ အဆောက်အအုံများကိုသာ အဓိကထားလျက် ချိပ်ပိတ်မှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ-အာရက္ခမှုခင်းနှင့်သတင်းထုတ်ပြန်ရေး