ဧရာဝတီတိုင်းမ်
‎‎မတ် ၂၈ ရက်

‎နွေရာသီကာလနေ့အပူချိန်မြင့်တက်လာသဖြင့် ရန်ကုန်တိုင်းအပါအဝင်တိုင်းနှင့် ပြည်နယ်အချို့၌ ဧပြီလ၏ပုံမှန်အပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်အထက်ပိုနိုင်ကြောင်း ယနေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

‎နေပြည်တော်၊ ရန်ကန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ၏ ပျှမ်းမျှအပူချိန်ထက် ၁ ဒသမ ၅ ဒီကရီဆဲလ်စီးယပ်အထက် ပိုနိုင်မည်ဖြစ်ကြောင်း သိရသည်။

‎ရန်ကုန်မြို့၏ ပျှမ်းမျှအပူချိန်မှာ ၃၈ ဒီကရီဆဲလ်စီးယက်ရှိသဖြင့် ဧပြီလတွင်ယင်းအပူချိန်ထက်ပိုနိုင်၍ အပူချိန် ၄၀ ဒီကရီဆဲလ်စီးယက်ဝန်းကျင်အထိ အပူချိန်မြင့်တက်နိုင်မည်ဖြစ်သည်။

‎ထို့ပြင်ကျန်ရှိနေသော စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်နီ ( ကယား) ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် ဧပြီလ၏ပျှမ်းမျှအပူချိန်ခန့်သာရှိနိုင်ကြောင်း စစ်ကော်မရှင်လက်အောက်ရှိ မိုး/ဇလက ထုတ်ပြန်သည်။

‎ယင်းပြင် မြန်မာနိုင်ငံအလယ်ပိုင်း၊ အနောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် အပူချိန်မြင့်တက်နိုင်မှုနှင့် အတူခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများ မြင့်တက်လာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) က သတိပေးထုတ်ပြန်သည်။

‎နွေရာသီပိုမိုပူပြင်းလာသဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓာတ်ဆားဓာတ်များဆုံးရှုံးမှုဖြစ်ပေါ်နိုင်ဖြင့် အပူဒဏ်ကာကွယ်ရေးအဖြစ် နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့မှုရှောင်နိုင်ရန် တတ်နိုင်သမျှအရိပ်ထဲတွင်နေရန်၊ ထီး၊ ဦးထုပ်၊ ဆောင်းရန်၊ နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်းကို ရှောင်ရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

‎ထို့ပြင်အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်လာပါက ခေါင်းမူနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ နုံးချိပျော့ခွေခြင်း၊ ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း၊ တက်ခြင်းနှင့် သတိလစ်ခြင်းတို့ဖြစ်ပေါ်နိုင်သဖြင့် သတိပြုနေထိုင်ရန်လိုအပ်မည်ဖြစ်သည်။

‎ယခုရက်ပိုင်းအတွင်း အပူချိန်မြင့်တက်နေချိန်၌ အပူရှိန်ပြင်းသောလမ်းမကြီးပေါ် အမိုးအကာအရိပ်မရှိဘဲ စက်သုံးဆီတန်းစီးရသောကြောင့် အပူရှပ်၍ ရုတ်တရက်သေဆုံးသွားရသူ နှစ်ဦးနှင့် မူးလဲသွားသူများရှိနေကြောင်း လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

‎ယခုမတ်လ၏ ပျမ်းမျှအပူချိန်တို့သည် တိုင်းနှင့် ပြည်နယ်အချို့တွင် သုံး ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန် ခန့်သာရှိကြောင်း စစ်ကော်မရှင်လက်အောက်ရှိ မိုး/ဇလက ထုတ်ပြန်သည်။


ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ လူမှုကွန်ရက်