ဧရာဝတီတိုင်းမ်
မတ် ၂၈ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ အာဏာသိမ်းရာတွင် လက်ရှိအထိ ပါဝင်လာသော စစ်ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းသည် ယခုရက်အတွင်း လူမြင်ကွင်းမှ ပျောက်ကွယ်နေရာမှ ၎င်းကို စစ်ဘက်ရာထူးမှ အနားပေးလိုက်ကြောင်း သိရသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းကို ပေးအပ်ထားသာ ရာထူးများအနက် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးအဖြစ်မှ ဖယ်ရှားလိုက်ပြီး ၎င်းနေရာအား ဗိုလ်မှူးချုပ် ရဲရင့်အောင်ဖြင့် အစားထိုးလိုက်ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့အစားထိုး ပြောင်းလဲလိုက်သော်လည်း ကျန်ရှိရာထူးများဖြစ်သော ပြန်ကြားရေးဒုဝန်ကြီး၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ)၏ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ခန့်အပ်ထားဆဲဖြစ်ဟု CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

“ချောင်ထိုးခံရတာ မဟုတ်ဘူးလို့ ကျွန်တော်တို့ကတော့ ယူဆတယ်။ စစ်မတိုက်ဘဲနဲ့ ဗိုလ်ချုပ်ရလာတဲ့အထိ သူ့ကို (စစ်ခေါင်းဆောင်) မင်းအောင်လှိုင်က ချီးမြှောက်ထားတာ၊ လူရင်းဖြစ်တော့ ပြန်ကြားရေးဝန်ကြီး (သို့မဟုတ်) ဝန်ကြီးတစ်နေရာ အနည်းဆုံး ပြန်ခေါ်လာမယ်ထင်တယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ ၎င်းတို့အတွက် အရေးကြီးသော (၈၁) နှစ်မြောက်တပ်မတော်နေ့နှင့် ဆက်စပ်ပွဲများ၌ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မတွေ့ရှိရသလို ဝါဒဖြန့်ဇာတ်ကားဖြစ်သော တိမ်ပင်လယ်ခရီးကြမ်းတွင် ပါဝင်သူများအား ဂုဏ်ပြုရာ၌လည်း တက်ရောက်ခြင်းမရှိကြောင်း သိရသည်။

အဆိုပါဆုပေး၊ ဂုဏ်ပြုလွှာများ ပေးအပ်ပွဲကို တက်ရောက်သူများ စာရင်းအရ ဗိုလ်ချုပ်ဇော်မင်းထွန်း ရယူထားသော ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးနေရာ၌ ဗိုလ်မှူးချုပ် ရဲရင့်အောင်ဟု စစ်ကော်မရှင်က သုံးနှုန်းဖော်ပြ၍ အစားထိုးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် စစ်ကော်မရှင်တွင် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ပတ်သက်၍ ကျန်ရှိရာထူးများကို လက်ရှိအချိန်ထိ ဖော်ပြထားဆဲဖြစ်ပြီး ၎င်းအနေဖြင့် ပြန်ကြာရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်း မောင်မောင်အုန်းနေရာ၌ အစားထိုးဝင်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။

“သူ့အိမ်ထောင်ရေးကိစ္စပါတယ်။ နောက်တစ်ခုက သူ့အစ်ကိုဖြစ်သူက ဇော်မင်းထွန်းရဲ့ အရှိန်ကိုသုံးပြီး အကျင့်ပျက်ခြစားမှုတွေ တော်တော်လုပ်ထားတယ်လို့ ဆိုတယ်။ အဲဒါနဲ့ ပတ်သက်လို့ စစ်နေတယ်လို့ ကြားမိတယ်” ဟု နေပြည်တော်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းသို့ သတင်းများ ထွက်ပေါ်နေသော်လည်း ဗိုလ်ချုပ်ဇော်မင်းထွန်း အခြေအနေနှင့် ပတ်သက်၍ ဧရာဝတီတိုင်းမ် သတင်းဌာနက ထပ်မံစုံစမ်းနေဆဲဖြစ်သလို လက်ရှိအထိ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ စစ်ကော်မရှင်ကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဓာတ်ပုံ-MOI