ဧရာဝတီတိုင်းမ်
မတ် ၂၈ ရက်

 

တောင်ကိုရီးယားနိုင်ငံရှိ စစ်ကော်မရှင်သံရုံးမှကျင်းပသည့် ၈၁ နှစ်ပြည့်တပ်မတော်နေ့ အခမ်းအနားညစာစားပွဲသို့ တက်ရောက်ခဲ့သည့် ဆရာမချမ်းမြမြသော်မှာ ပြည်သူများ၏ ဝေဖန်ခံရမှုများ မြင့်တက်နေကြောင်းသိရသည်။

 

စစ်တပ်အာဏာသိမ်းစ ၂၀၂၁ ကာလများတွင် ဆရာမချမ်းမြမြသော်သည် တောင်ကိုရီးယားရှိ နာမည်ကျော်မီဒီယာကြီးများထံ စစ်အာဏာသိမ်းမှုများအကြောင်းကို ထုတ်ဖော်‌ပြောကြားခဲ့ရာမှတဆင့် တော်လှန်ရေးအသိုင်းအဝိုင်းတွင် နာမည်ရလာခဲ့သူတစ်ဦး ဖြစ်သည်။

ပြီးခဲ့သည့် မတ် ၂၆ ရက်နေ့ညတွင် ဆိုးလ်မြို့ရှိ Mondrian ဟိုတယ်၌ပြုလုပ်သည့် စစ်အုပ်စု၏ညစာစားပွဲကို စစ်အုပ်စုလက်အောက်ခံများနှင့်အတူတကွ တက်ရောက်ခဲ့ကြောင်း သတင်းနှင့်ဓာတ်ပုံများပေါ်ထွက်လာပြီးနောက် ယခုကဲ့သို့ ဝေဖန်မှုများ မြင့်တက်လာခြင်း ဖြစ်သည်။

 

“ပြည်တွင်းပြည်ပမှာရှိတဲ့ လူထုအနေနဲ့ စစ်အုပ်စုရဲ့အခုလို ထောက်တိုင်တဖြစ်လဲ ကိုယ်ကျိုးရှာ ဆယ်လီအုပ်စုတွေကို ပြတ်ပြတ်သားသားဆန့်ကျင် ရပ်တည်ကြဖို့လိုကြောင်းပြောကြားလိုပါတယ်ဗျာ” ဟု တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ တပ်မတော်နေ့ညစာစားပွဲကျင်းပချိန်တွင် တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများကလည်း အာဏာသိမ်းစစ်ကော်မရှင်ကို ဆန္ဒပြခဲ့ကြပြီး တောင်ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများပါ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆရာမချမ်းမြမြသော်သည် KBS၊ SBS ကဲ့သို့ တောင်ကိုရီးယားရှိ ထိပ်တန်း ဖျော်ဖြေရေးနှင့် သတင်းမီဒီယာကုမ္ပဏီများမှ ပြုလုပ်သည့် ရှိုးပွဲများ၊ တီဗွီအစီအစဉ်အများအပြားတွင် နာမည်ကျော် ကိုရီးယားအနုပညာရှင်များနှင့်အတူ ပါဝင်ကာ မြန်မာ့အရေးနှင့်ပါတ်သတ်သည့် အကြောင်းအရာများကိုပြောဆိုခဲ့ပြီး ကိုရီးယားနိုင်ငံတွင်ပုံရိပ်ကောင်းတစ်ခုရရှိထားသူ တစ်ဦးလည်းဖြစ်သည်။

 

လက်ရှိတွင် ယခုကဲ့သို့ စစ်အုပ်စုနှင့်ပူးပေါင်းလိုက်ခြင်းကြောင့် ဆရာမချမ်းမြမြသော်အား တော်လှန်ရေးတက်ကြွလှုပ်ရှားသူများ နှင့် သပိတ်မှောက်သည့် လုပ်ငန်းစဉ်များကို တစိုက်မတ်မတ်တိုက်တွန်းနေသည့် FNCC အဖွဲ့မှ ၎င်းအား လူမှုရေးပြစ်ဒဏ်(Social Punishment)ပြုလုပ်ကြရန် တိုက်တွန်းမှုများပြုလုပ်နေကြကြောင်းလည်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်